ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့တွင်တပ်စွဲထားသောစစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်သားနှစ်ဦး သေဆုံး

By လွှမ်းမိုး
07 February 2023
ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့တွင်တပ်စွဲထားသောစစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်သားနှစ်ဦး သေဆုံး

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့တွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၂၃)တပ်ရင်းထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၂၃)မှ တပ်ရင်းမှူး ကိုရန်ကြီးက ပြောသည်။

“စိုင်နိုင်ကွေ့မှာ တပ်စွဲနေတဲ့ စစ်အင်အားက ၄၀ ခန့်တော့ရှိမယ်ဗျ။ စခန်းကတော့ ခံစစ်အတွက် ဘန်ကာ တွေ ကျကျနနလုပ်ထားတယ်လို့ ပြောလို့ရပါတယ်။ စစ်သားတွေက အဲဒီစခန်းရှေ့လမ်းမှာ လမ်းလျှောက် နေတုန်း မီတာ ၁၅၀ အကွာကနေ အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ကြာချိန် ငါးမိနစ်လောက်ပဲရှိပါတယ်။ မျက်မြင်ကတော့ စစ်သားနှစ်ဦးသေဆုံးတယ်။ လက်နက်ကောက်ဖို့ အထိတော့ အခွင့်မသာလိုက်ဘူး” ဟု ၎င်းကဆိုသည်။

ယခုတိုက်ပွဲကို ရွှေဘိုခရိုင် အမှတ်(၂၃) တပ်ရင်း ၊ GZ Special Task Force ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး ( ဝက်လက် PRF) နှင့် တော်ဝင်ဖီးနစ်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required