မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ကမ္ဘာ့ ခရစ်ယာန် စည်းလုံးညီညွတ်ရေး CSW ကြိုဆို 

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ကမ္ဘာ့ ခရစ်ယာန် စည်းလုံးညီညွတ်ရေး CSW ကြိုဆို 

ဩစတြေးလျ၊ ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန်တို့၏ မြန်မာစစ်တပ်အပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများအား ဇန်နဝါရီ ၃၁ ရက်က ကြေညာလာခြင်းအပေါ် ကမ္ဘာ့ ခရစ်ယာန် စည်းလုံးညီညွတ်ရေး (CSW) က ကြိုဆိုကြောင်း ယခု သီတင်းပတ် သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

စစ်တပ်၏ လေယာဉ်ဆီ ရရှိမှုအပေါ် ပစ်မှတ်ထားပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်၏ အာဏာသိမ်းခြင်း နှစ်နှစ်ပြည့် မတိုင်ခင် ချမှတ်ခဲ့သော အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ကုန်လွန်ခဲ့သည့် နှစ်နှစ်တာလုံး အရပ်သားလူဦးရေအပေါ် စစ်တပ်က ဆင်နွှဲသည့် အရမ်းကာရော လေကြောင်းတိုက်ခိုက်မှုများကို တားဆီးရေးအတွက် အရေးပါသော ခြေလှမ်းဖြစ်သည်ဟု CSW က မှတ်ချက်ပြုသည်။ 

“ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ စစ်တပ်ရဲ့ ဘဏ္ဍာငွေ၊ လောင်စာဆီ၊ စစ်လက်နက်နဲ့ စစ်ပစ္စည်းတွေ ရရှိနိုင်မှုအပေါ် အများဆုံး သက်ရောက်ပြီး လျှော့ချပစ်ဖို့အတွက် စေ့စေ့စပ်စပ် ပစ်မှတ်ထား ချမှတ်တာ ဖြစ်ပါတယ်၊ စစ်ကောင်စီအနေနဲ့ အတိုက်အခံတွေကို လူမဆန်စွာ ဖြိုခွင်းမှုတွေ၊ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူအခွင့်အရေး ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေအတွက် တာဝန်ခံရမှာ ဖြစ်တယ်၊ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီ လိုလားမှုတွေနဲ့ အခြေခံ လွတ်လပ်ခွင့် အခွင့်အရေးတွေအတွက် ထောက်ခံအားပေးတဲ့ ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ နိုင်ငံတကာ တုံ့ပြန်မှုတွေကို ဗြိတိန်က ဦးဆောင်လျက် ရှိတယ်”ဟု ဗြိတိန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ကြေညာသော ထုတ်ပြန်ချက်၌ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလီဗာလီက ပြောသည်။ 

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံအား လူသားချင်း စာနာထောက်ထားရေးနှင့် လူ့အခွင့်အရေး ပဋိပက္ခအတွင်းသို့  ကျဆင်းသွားစေသည်မှာ ယခင် စစ်အုပ်ချုပ်ရေးထပ်ပင် ဆိုးဝါးနေသည်။ အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဖမ်းဆီးခံရသည့် ပြည်သူ ၁၇၅၇၂ ဦးရှိကာ ၁၃၇၆၃ ဦးက ထောင်ကျနေဆဲ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီပေးရေးအဖွဲ့ AAPP အရ သိရသည်။ အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူ အနည်းဆုံး ၂၉၄၀ ဦးကို သတ်ဖြတ်ခဲ့သည်။ 

“မြန်မာစစ်အစိုးရအပေါ် အတော်လေး လိုအပ်နေတဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို CSW က ကြိုဆိုပါတယ်၊ ဒါကို မြန်မြန်ဆန်ဆန်နဲ့ အပြည့်အဝ အကောင်အထည်ဖော်ဖို့ ဩစတြေးလျ၊ ကနေဒါ၊ ဗြိတိန်နဲ့ အမေရိကန် အစိုးရတွေကို မိမိတို့ တောင်းဆိုပါတယ်၊ နောက်ထပ် ဒီလို ဆက်လက်ဆောင်ရွက်သွားဖို့လည်း အခု အစိုးရတွေကို မိမိတို့ တိုက်တွန်းပါတယ်၊ မြန်မာစစ်တပ် လက်နက်တွေ၊ လေယာဉ်ဆီနဲ့ ငွေကြေးတွေ လုံးလုံး မရနိုင်တော့တဲ့တိုင်အောင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့လည်း ခုလို ဒဏ်ခတ်ပိတ်ဆို့တာမျိုးတွေ ချမှတ်ဖို့ တိုက်တွန်းတယ်၊ မြန်မာပြည်သူတွေကို မိမိတို့ရဲ့ မမှိတ်မသုန် ထောက်ခံမှု၊ ကြုံနေရတဲ့ မြန်မာပြည်သူတွေရဲ့ ဖြစ်ရပ်ဆိုးကို မသိကျိုးကျွန်ပြုတာ၊ မေ့လျော့ထားတာမျိုး မဖြစ်အောင် ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို အာဏာသိမ်း ဒုတိယမြောက် နှစ်ပတ်လည်မှာ ထပ်လောင်းပြောလိုတယ်”ဟု CSW ၏ အရှေ့အာရှဆိုင်ရာ အကြီးတန်း သုတေသီ ဘန်နက်ဒက် ရော်ဂျာက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required