ပါကစ္စတန်လူ့အခွင့်အရေးမှတ်တမ်း အခြေအနေ ဆိုးရွားလာကြောင်း အိန္ဒိယသံတမန် ပြော

By ANI 
06 February 2023
ပါကစ္စတန်လူ့အခွင့်အရေးမှတ်တမ်း အခြေအနေ ဆိုးရွားလာကြောင်း အိန္ဒိယသံတမန် ပြော

ပါကစ္စတန်နိုင်ငံတွင် လူ့အခွင့်အရေးမှတ်တမ်းများမှာ အခြေအနေ လွန်စွာ ဆိုးရွားနေပြီး လူနည်းစုများသည် နှိပ်စက်ညှဉ်းပန်းမှုများ ခံစားနေရကြောင်း ဂျီနီဗာရှိ အိန္ဒိယ အမြဲတမ်းမစ်ရှင်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝမ် ဘက်ဟီက ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ပါကစ္စတန်နိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းအပေါ် ပြန်လည်သုံးသပ်ရာတွင် ရှီအိုက်နှင့် ဟာဇာရက်စ် အပါအဝင် ပါကစ္စတန်ရှိ မွတ်စလင် လူနည်းစုများသည် အကြမ်းဖက်မှုနှင့် အကွက်ချနှိပ်စက်ညှဉ်းပန်းမှုများကို ခံနေရကြောင်း ပါဝမ် ဘက်ဟီက ပြောကြားခဲ့သည်။

ပါကစ္စတန်၏ လူ့အခွင့်အရေးမှတ်တမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ သုံးသပ်ရေးလုပ်ငန်းအဖွဲ့ (UPR)  မှ စတုတ္ထအကြိမ်မြောက် စစ်ဆေးခြင်းဖြစ်သည်။ 
ဘာလိုချီစတန်၊ ဆင်းဒ်နှင့် ခိုင်ဘာပက်ခ်တွန်ခဝါ ဒေသများရှိ လူများသည် နိုင်ငံရေး ဖိနှိပ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် အခွင့်အရေးဆုံးရှုံးမှုများကို ဆက်လက် ခံစားနေကြရသည်” ဟု ဘက်ဟီက ပြောကြားခဲ့သည်။

လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များကို ပါကစ္စတန်က ပစ်မှတ်ထားပြီး တရားလက်လွတ် ဖမ်းဆီးမှု၊ အဓမ္မ ပျောက်ဆုံးစေမှု၊ မတရား ဖမ်းဆီးချုပ်နှောင်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကို နိုင်ငံတော်မူဝါဒလက်နက်များအဖြစ် အသုံးချနေကြောင်း ဘက်ဟီက ဆိုသည်။ 

ပါကစ္စတန်တွင် ဘာသာရေးလူနည်းစုများကို ပစ်မှတ်ထား တိုက်ခိုက်နေကာ အပြစ်မဲ့ ပြည်သူအများအပြားသည် အသက်အိုးအိမ်ဆုံးရှုံးခြင်းနှင့် အကြမ်းဖက်ခံရသော မိသားစုဝင်များနှင့် ကွဲကွာရခြင်းတို့ကို ကြုံတွေ့နေရသည်ဟု မီဒီယာများက ဖော်ပြကြသည်။
အဓမ္မဖမ်းဆီးမှု၊ အစ္စလာမ်ဘာသာသို့ အဓမ္မပြောင်းခိုင်းခြင်း၊ အများအားဖြင့် အရွယ်မရောက်သေးသော ဟိန္ဒူမိန်းကလေးများကို ထိမ်းမြားလက်ထပ်ကာ မွတ်စလင်ဘာသာသို့ ကူးပြောင်းစေမှုများသည် ပါကစ္စတန်နိုင်ငံရှိ ဒေသအသီးသီးတွင် အထူးသဖြင့် ဆင်းဒ်ပြည်နယ်တွင် ဖြစ်ပေါ်နေပြီး အုပ်ချုပ်ရေးအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ပင်မမီဒီယာများနှင့် လူမှုမီဒီယာများကလည်း အရေးတယူလုပ်ဆောင်ခြင်းနှင့် စိုးရိမ်ခြင်းများ မရှိပေ။

လူနည်းစုများကို နှိပ်စက်ညှဉ်းပန်းမှုများ ဖြစ်ပေါ်နေချိန်မှာ ပါကစ္စတန်၏ တရားစီရင်ရေးစနစ်သည် အဟ်မဒီ အသိုင်းအဝိုင်းအပါအဝင် လူနည်းစုများ၏ ဘေးကင်းရေးနှင့် ဂုဏ်သိက္ခာကို အကာအကွယ်ပေးရန် ပြုပြင်ပြောင်းလဲမှုများ အရေးတကြီး လိုအပ်နေသည်ဟု လူ့အခွင့်အရေးကျွမ်းကျင်သူများက ပြောသည်။

ပါကစ္စတန်ရှိ အဟ်မဒီ အသိုက်အဝန်းသည် ဒုတိယတန်းစား နိုင်ငံသားများအဖြစ် နေထိုင်ကြပြီး အဟ်မဒီ-မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်သည် ပါကစ္စတန်တွင် ပြင်းထန်ကာ နိုင်ငံအတွင်း အဖိနှိပ်ခံရဆုံး လူနည်းစုအသိုင်းအဝိုင်းများတွင် အပါအဝင်ဖြစ်သည်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly