မြိုင်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်း(၁၁)လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ ခြောက်ဦးသေ၊ သုံးဦးဒဏ်ရာရဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ပြော

မြိုင်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်း(၁၁)လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ ခြောက်ဦးသေ၊ သုံးဦးဒဏ်ရာရဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ပြော

မဇ္ဈိမ။ ။ပခုက္ကူမြို့မှ မြိုင်ဖက်သို့ ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကန်တော်ကျေးရွာနှင့် ကမ္မမြို့အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကားလေးစီးဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီလ(၃)ရက် နံနက်ပိုင်းတွင် မိုင်း(၁၁)လုံးအသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်လင်္ကျာက မဇ္ဈိမကိုပြောသည်။

“ မိုင်းပွိုင့်သုံးပွိုင့်ကို မိုင်း (၁၁)လုံးနဲ့ ဆွဲလိုက်တာ။ ခြောက်ဦးသေပြီးသုံးဦးဒဏ်ရာရသွားတယ်။ အလောင်းတွေကို ပခုက္ကူမြို့ကနေ နာရေးကားတွေ နဲ့ လာသယ်သွား တယ်” ဟု ဗိုလ်လင်္ကျာက

ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီယာဉ်တန်းသည် ပခုက္ကူ မြို့ထဲသို့ နောက်ပြန်လှည့်သွားပြီး

ကန်တော်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

"နေအိမ်ခြောက်လုံးလောက် မီးလောင်ပျက်စီးသွားတယ်" ဟု ဗိုလ်လင်္ကျာကပြောသည်။

တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Black Cobra အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည့် ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁)ရက်နေ့က ထန်းပေါက်ကုန်း ကျေးရွာစာသင်ကျောင်းကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင် စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။

မြိုင်မြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးဒေသအဖြစ်ကြေငြာထားသည့်မြို့နယ်ဖြစ်သည်။ စစ်ကောင်စီ၏ ထိုကြေငြာချက်ကို အရေးစိုက်မည်မဟုတ်ဘဲ ယခင်ကထက် အရှိန်မြှင့်

တိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတုန့်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly