ကိုးတောင်ဘို့ စစ်ရှောင်အမျိုးသမီး ၂ ဦး မြွေဆိုးကိုက်ခံရ

By ကိုခင်မောင်၊KMN
03 February 2023
ကိုးတောင်ဘို့ စစ်ရှောင်အမျိုးသမီး ၂ ဦး မြွေဆိုးကိုက်ခံရ

 

(မဇ္ဈိမ) ။    ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှာ စစ်ရှောင်အမျိုးသမီး နှစ်ဦး မြွေဆိုးကိုက်ခံရသည့်အတွက် အရေးပေါ်ကုသမှုပေးနေရသည်ဟု ကိုးတောင်ဘို့တိုက်နယ် စစ်ဘေးရှောင်ကူညီပေးသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ကိုးတောင်ဘို့တိုက်နယ်အစပ် စစ်ရှောင်တဲ၌ နေထိုင်သည့် အမျိုးသမီးနှစ်ဦး မြွေဆိုးကိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြွေဆိုးကိုက်ခံရသူများတွင် အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တောထဲတွင် နွားလှန်သွားရင်း ကိုက်ခံခဲ့ရခြင်းဖြစ်ကာ အသက် ၂၄နှစ်အရွယ် အမျိုးသမီးမှာမူ စစ်ရှောင်တဲတွင် ကြံဖတ်လှန်းနေစဉ် မြွေကိုက်ခံရခြင်းဖြစ်သည်ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

“အသက် ၅၈နှစ်အရွယ် အမျိုးသမီးကတော့  မြန်မာထုတ် BPI မြွေဆိပ်ဖြေဆေး ခြောက်လုံး၊ အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံးအထိ ထိုးပေးထားပါတယ်။အခုတော့ စိတ်ချရတဲ့ အခြေအနေမှာ ရှိနေပါပြီ။  နောက်တစ်ယောက်လည်း အချိန်မှီ ဆေးကုသပေးနိုင်ခဲ့တယ်။ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး” ဟု ကိုဂျောင်ဒီအွန်းက ပြောသည်။

မြွေကိုက်ခံရသည့် အမျိုးသမီးနှစ်ဦးကို အိန္ဒိယမြွေဆိပ်ဖြေဆေးများ ထိုးပေးထားပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

ယခုကဲ့သို့ မြွေဆိုးကိုက်ခံရသော လူနာတစ်ဦးလျှင် မြွေဆိပ်ဖြေဆေး အနည်းဆုံး သုံးလုံးမှ ၁၀လုံးအထိ ထိုးပေးရကြောင်း ၊လက်ရှိအချိန်တွင် မြွေဆိပ်ဖြေဆေး BPI  တစ်လုံးလျှင် မြန်မာငွေ ကျပ်တစ်သိန်းခွဲမှ  တစ်သိန်းရှစ်သောင်းကျပ်အထိ   ပေးဝယ်နေရကြောင်းလည်း ဆိုသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်များအား  ဆေးကုသပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ( NUG) လမ်းညွှန်မှုအောက်မှ ဖွဲ့စည်းထားသော  ကျေးလက်ကျန်းမာရေးအဖွဲ့များက  ဦးဆောင်ကာ လေးနေရာခွဲ၍ ဆေးပေးခန်းများ  ဖွင့်ထားသည်ဟု သိရသည်။

“စစ်ရှောင်တွေအနေနဲ့ စီးပွါးရေးလဲ လုပ်မရတဲ့အနေအထားမှာ ကုသဖို့ဆိုတာ ဘယ်လိုမှ မလွယ်တဲ့ကိစ္စပါ။ ကျွန်တော်တို့လဲ ဆေးက အမြဲလုံလောက်မှုမရှိပါဘူး။ ဆေးအလှူရှင်ရှိမှသာ ကျွန်တော်တို့ စစ်ရှောင်တွေကို ကုသပေးနေရတဲ့သဘောပါ။ ဆေးမရှိတဲ့အချိန် လူနာရောက်လာမှာစိုးရိမ်ရပါတယ်ဗျ၊မဟုတ်ရင် အသက်အဆုံးခံရမယ့်ကိန်းပါ” ဟု ၎င်းက ဆက်ရှင်းပြသည်။

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်တွင် လမ်းပန်းဆက်သွယ်ရေးအရဖြစ်စေ၊ စစ်ကောင်စီစစ်ကြောင်းကြောင့်ဖြစ်စေ၊ ငွေရေးကြေးရေးကြောင့်ဖြစ်စေ  မြို့ပေါ်တက်ဆေးကုသရန်မလွယ်ကူသောကြောင့်  ဒေသခံများအတွက် အခက်တွေ့လျက်ရှိနေသည်။

၂၀၂၂ ခုနှစ် ဧပြီလမှစ၍ ၁၁လနီးပါးကာလအတွင်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်တွင်  စစ်ဘေးဒုက္ခသည် ၄၇ ဦးထက်မနည်း မြွေကိုက်ခံရပြီး  ၂၀၂၂ခုနှစ် ဒီဇင်ဘာလ တစ်လထဲတွင်ပင် မြွေကိုက်ခံရ၍ သုံးဦး အသက်ဆုံးရှုံးလိုက်ရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)၏ မှတ်တမ်းအရ သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ
ရုပ်သံတည်းဖြတ်-KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required