ကန့်တလူ တိုးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ဗိုလ်အပါအဝင် ၅ဦးသေဆုံးဟုဆို

ကန့်တလူ တိုးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ဗိုလ်အပါအဝင် ၅ဦးသေဆုံးဟုဆို

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ ကန့်တလူတိုးဂိတ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဉ်တစ်စီးကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွာမနှင့် နတ်ခရိုင်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဗိုလ်တစ်ဦး အပါအဝင် ငါးဦး သေဆုံးသွားကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

၎င်းက “သူတို့ အသွားအလာကို ကျတော်တို့ စောင့်ကြည့်နေတာ ကြာပြီ မနေ့က ၆ နာရီကျော်လောက် သူတို့ ပြန်လာတာ သူတို့က တွဲကားကြီးတစ်စီးနဲ့ ကပ်လိုက် လာတာ၊ ဒါပေမယ့်ကျတော်တို့ မိုင်းကွင်းထဲဝင်လာတဲ့အခါမှာ ကျတော်တို့ တိတိကျကျ ဖောက်ခွဲလိုက်နိုင်တယ် ။ ကားက ရှေ့ကိုလိမ့် ပြီးတော့ တာယာတွေကွဲ ဘီးတွေကျွတ်ထွက်ပြီးတော့ ထိုးရပ်သွားတယ်၊ ကားပေါ်မှာပါတဲ့ အရာရှိ သုံးပွင့် တစ်ယောက်နဲ့ နောက်ထပ် လေးကောင်သေတယ်” ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ များဘက်က အနီးအနားနေရာများသို့ ပစ်ခတ်မှုများရှိပြီး နတ်ခရိုင်ရွာအနီးတွင် လှုပ်ရှားမှုများ ရှိကြောင်း ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကိုင်းမြို့နယ်ရှိ သံချပ်ကာတပ်ဖွဲ့ မှဖြစ်ပြီး သေဆုံးသွားသည့် စစ်ဗိုလ်သည် ကန့်တလူ တိုးဂိတ်မှ ကောက်ခံရရှိသော ငွေကြေးများနှင့် ပတ်သက်သည့် တာဝန်ခံတစ်ဦးဖြစ်ကြောင်း ကိုသက်ကြီးက ဆိုသည်။

ယခုစစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ နှင့်အတူ သရဲနီအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required