ပါကစ္စတန်တွင်   ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲထိုးကျမှုကြောင့် ၄၁ ဦးထက်မနည်း သေဆုံး

By ANI
03 February 2023
ပါကစ္စတန်တွင်   ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲထိုးကျမှုကြောင့် ၄၁ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် လက်စဘယ်လာခရိုင်တွင် ဇန်နဝါရီလ ၂၉ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး ချိုင့်ဝှမ်းတစ်ခုအတွင်းသို့ ထိုးကျမှုကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း Dawn သတင်းက ဖော်ပြသည်။ 

လက်စဘယ်လာဒေသ လက်ထောက်ကော်မရှင်အရာရှိ ဟမ်ဇာအန်ဂျမ်က အဖြစ်အပျက်ကို အတည်ပြုပြောကြားခဲ့သည်။ ခရီးသည် ၄၈ ဦး တင်ဆောင်လာသော အဆိုပါယာဉ်သည် ကတ်တာမှ ကရာချိသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။    

အဆိုပါယာဉ်သည် လက်စဘယ်လာ အနီးတွင် တံတားတိုင်ကိုတိုက်မိပြီး ချောက်ထဲသို့ ထိုးကျကာ မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် ၄၈ ဦးလုံးသေဆုံးမည်ကို စိုးရိမ်နေကြောင်း ဟမ်ဇာအန်ဂျမ်က ပြောသည်။
" ယာဉ်မောင်းက လက်စဘယ်လာမြို့ အနီးမှာ ဂငယ်ကွေ့ ကွေ့ချိန်မှာ အရှိန်လွန်ပြီး တံတားတိုင်ကို ဝင်တိုက်မိခဲ့ပါတယ်။ ကားက ချောက်ထဲကို ကျသွားပြီး မီးလောင်သွားတာပါ" ဟု ဟမ်ဇာအန်ဂျမ်၏ ပြောကြားချက်ကို ကိုးကား၍ Dawn က ဖော်ပြသည်။

ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး အပါအဝင် လူ ၃ ဦးကို အခင်းဖြစ်ပွားရာနေရာမှ ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၁ ဦး ကိုဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။
သေဆုံးသူများကို အတည်ပြုနိုင်ရန် DNA စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အန်ဂျမ်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly