ခင်ဦးမြို့နယ် ကျေးရွာသုံးရွာမှ လူနေအိမ် ၆၈၀ခန့်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး၊ အဖိုးအိုတစ်ဦးကို သတ်ဖြတ်သွားဟုဆို

By လွှမ်းမိုး
02 February 2023
ခင်ဦးမြို့နယ် ကျေးရွာသုံးရွာမှ လူနေအိမ် ၆၈၀ခန့်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး၊ အဖိုးအိုတစ်ဦးကို သတ်ဖြတ်သွားဟုဆို

မဇ္စျိမ ။ ။ ခင်ဦးမြို့နယ်အတွင်း ကျေးရွာသုံးရွာမှ နေအိမ် (၆၈၀)ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး အဘိုအိုတစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်းဒေသခံများနှင့် ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

ခင်းဦးမြို့နယ်အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဇန်နဝါရီ (၃၀) ရက်
နေ့လည် (၁) နာရီခန့်တွင် ဗြိုင်းကြိုင်၊ ရုံးစုကျေးရွာနှင့်ညောင်ပင်ကြီးစုကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

" စစ်ကောင်စီတပ်သားတွေ ထွက်သွားလို့ ကျွန်တော်တို့ ရှင်းလင်းရေးဝင်တာပါ။ အဖိုးအိုတစ်ယောက်ကိုလည်း သတ်သွားပါတယ်။ရွာလည်း မီးလောင်ပြာကျသွားပါတယ် "ဟု ဗြိုင်းကြိုင်ကျေးရွာမှ ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့(ဖေဖော်ဝါရီလ ၁ရက်)က ရွာမှထွက်ခွာသွားသောကြောင့် ဒေသကာကွယ်ရေးရဲဘော်များက ယနေ့(ဖေဖော်ဝါရီလ ၂ရက်) နယ်မြေရှင်းလင်းရေးဝင်ရောက်ခြင်းဖြစ်သည်။

ဗြိုင်းကျိုင်ကျေးရွာမှ နေအိမ်(၁၀၀)ကျော်၊ ရုံးစုကျေးရွာမှနေအိမ် (၄၃၀)၊ညောင်ပင်ကြီးစုရွာမှ နေအိမ် (၁၅၀) ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု မီးလောင်အိမ်ခြေစာရင်းပြုစုနေသည့် ဒေသခံတစ်ဦးက ရှင်းပြသည်။

“ ကျမတို့ ရွာကို ပြန်တော့ ကိုယ့်ရွာကိုယ်တောင်မမှတ်မိအောင်ကို ဖြစ်သွားတာပါ။ မောမောနဲ့ စစ်ရှောင်အပြန် ကိုယ့်အိမ်ကလေး မီးရှို့ခံရတာတွေ့တော့ ရင်ထဲမှာ တစ်ဆို့နေတော့တာပဲ" ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ခင်ဦးမြို့နယ်အတွင်းဝင်ရောက်နေသော စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား (၁၅၀) ခန့်ပါရှိပြီး ညောင်ပင်ကြီးစုကျေးရွာမှ အဖိုးအိုတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်သွားသည်ဟု ဒေသခံများကပြောသည်။ ထို့အပြင် စစ်ကောင်စီကို တိုက်ခိုက်စဥ် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေး ရဲဘော်များထံမှ သိရသည်။

" စစ်ကောင်စီတပ်ကို ဘယ်လိုမှ မကျေနပ်နိုင်ပါဘူး ။ ကျမတို့က ရတဲ့ နည်းလမ်းနဲ့ တော်လှန်နေမှာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required