ဒီအချိန် လမ်းမပေါ်ရောက်ခဲ့မိလို့ အရှက်ရတဲ့အကြောင်း ပြောလာသူ

By ကီရာ
01 February 2023
ဒီအချိန် လမ်းမပေါ်ရောက်ခဲ့မိလို့ အရှက်ရတဲ့အကြောင်း ပြောလာသူ

“အရင်ကဆိုရင် လိုင်းကားစီးရတာ အသက်ရှုတွေတောင်ကြပ်လို့”ဟု မခိုင်ခိုင်(အမည်လွှဲ)က ရန်ကုန် မြို့ပြက ဘတ်စ်ကားတွေနဲ့ပတ်သက်ပြီး ယခုလိုပဲ စကားစလာပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်အာဏာသိမ်းတာ နှစ်နှစ်မြောက်နေ့ ဖြစ် ပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံကပြည်သူတွေဟာ အိမ်ပြင်မထွက် အသံတိတ်သပိတ်လှုပ်ရှားမှု လုပ် ဆောင်လျက်ရှိတာကြောင့် မခိုင်ခိုင်က အထက်ပါကဲ့သို့ ဘတ်စ်ကားပေါ်မှာ လူမပါတဲ့ဖြစ်စဥ်ကို ကြုံတွေ့ ခဲ့ရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က YBS ယာဥ်လိုင်းတွေဟာ သာမန်နေ့ရက်တွေမှာတော့ အချိန်တိုင်း လူတွေပြည့်ကျပ်နေ တတ်ပြီး ရုံးတက်ရုံးဆင်းမရှိတဲ့ နေ့လည်နေ့ခင်းမှာတောင် ထိုင်ခုံနေရာလွတ်မရှိတတ်ကြောင်း မခိုင်ခိုင်က ပြောပါတယ်။

“ကားမှတ်တိုင်တွေမှာလည်း ကားစောင့်တဲ့သူတွေမရှိတော့ ကားကမှတ်တိုင်တွေမရပ်ဘူး၊ ဝီးကနဲ ဝီးကနဲ ပဲ မောင်းနေတာ။ ကားဆရာက သူတို့အချင်းချင်း ဖုန်းဆက်ပြီးပြောတာတောင်ကြားရတယ် ဘယ်က လူတွေကိုတင်ပြီး ဘယ်လိုမောင်းရမလဲမသိတော့ဘူးတဲ့” ဟု သူကဆက်ပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်မှာ မခိုင်ခိုင်က ဘတ်စ်ကားစီးခဲ့တာဖြစ်ပြီး သူနဲ့အတူ ကားပေါ်မှာ ခရီးသည် သုံးယောက်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

သည်နေ့မှာတော့ ပုံမှန်သွားနေကျ စျေးသည်လေးတွေတောင်မရှိဘဲ လက်ဖက်ရည်ဆိုင်တွေမှာလည်း ဝန်ထမ်းအချို့သာ ရှိနေတယ်လို့ သူက ပြောပါတယ်။

“ရွေရင်အေးသည်တို့ မုန့်လက်ဆောင်းသည်တို့တောင် လုံးဝမတွေ့ရဘူး။ တက်စီဂိတ်မှာဆိုလဲ တစ်စီး လောက်ပဲရှိတယ် ဆိုက်ကားတောင် ရှာမတွေ့ဘူး။ လက်ဖက်ရည်ဆိုင်မှာဆိုရင် ဝန်ထမ်းတွေလောက်ပဲရှိ တယ်။ သူတို့တွေက လမ်းပေါ်မှာရှိတဲ့ ညီမကိုကြည့်နေတာမို့ ငါဆက်သွားရမလား အိမ်ပြန်လိုက်ရမလား တောင် တွေးမိတယ်” ဟု မခိုင်ခိုင်က ပြောပါတယ်။

မခိုင်ခိုင်က လမ်းမပေါ်ကို ဒီအချိန်မှာ မဖြစ်မနေသွားလာဖို့ အကြောင်းအရင်းရှိနေခဲ့တယ်ဆိုပေမယ့် ယခု လို လူတွေသူ့ကို ကြည့်တဲ့အချိန်မှာတော့ သူ့ကိုယ်သူ လိပ်ပြာမလုံသလို ခံစားရပြီး ရှက်မိတယ်လို့ ပြောပြ လာပါတယ်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly