ရန်ကုန်မြို့နေ လူထု “တသံတည်းညီ တချီတည်းရုန်း” အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲ

By ဂန္ဒမာ
01 February 2023
ရန်ကုန်မြို့နေ လူထု “တသံတည်းညီ တချီတည်းရုန်း” အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲ

(မဇ္ဈိမ)။။ စစ်အာဏာရှင်အား ဆန့်ကျင်တော်လှန်နေသည့် အင်အားစုများမှ တိုက်တွန်းထားသည့်အတိုင်း အာဏာသိမ်း နှစ်နှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီ ၁ ရက် နံနက်ခင်းမှစတင်ကာ ရန်ကုန်မြို့နေလူထုမှ “တသံတည်းညီ တချီတည်းရုန်း” အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲနေကြောင်း ဒေသခံအသီးသီးထံမှ တစ်ဆင့်သိရသည်။

“အင်မတန်စည်ကားသော အောင်ဇေယျလမ်းမ၊ ရတနာလမ်းမ အရင်ဆို ကားကျပ်နေတာလေ၊ တစ်နေကုန် ပါကင်လုရတဲ့ ဘားတွေ ဘီယာဆိုင်တွေအပြည့်နဲ့လမ်း။ အခုတော့ နားကိုအေးနေတာပဲ။ စျေးသည်တွေကအစ မလာဘူး။” ဟု ရန်ကင်းမြို့နယ်နေ ဒေသခံတစ်ဦးက ၎င်းပတ်ဝန်းကျင်တွင် အသံတိတ်သပိတ်ဆင်နွှဲသည့် မြင်ကွင်းအခြေအနေကို မဇ္ဈိမသို့ ဖြေကြားသည်။

အလားတူ ပုဇွန်တောင်မြို့နယ်နေ ဒေသခံကလည်း “ ခုထိတော့ညီတယ် ပုံမှန်စျေးသည်တွေကအစ မလာဘူး။ တိတ်ဆိတ်နေတာပဲ။” ဟု ၎င်းနေအိမ်ပတ်ဝန်းကျင် မြင်ကွင်းကို ပြောသည်။

ယနေ့ကျင်းပသည့် အသံတိတ်သပိတ်အား နံနက် ၁၀ နာရီမှ ၁၂ နာရီအထိသော်လည်းကောင်း၊ နံနက် ၁၀ နာရီမှ နေ့လယ် ၃ နာရီအထိသော်လည်းကောင်း မိမိတို့အဆင်ပြေသည့် အချိိန်အတိုင်းအတာအရ ပါဝင်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများမှ အသီးသီးထုတ်ပြန်ထားသည်။

သို့သော်လည်း နံနက်ခင်းအစောပိုင်းမှစတင်ကာ ရန်ကုန်မြို့နေပြည်သူလူထုမှ စစ်အာဏာရှင်အား တိတ်ဆိတ်ငြိမ်သက်စွာ အကြမ်းမဖက်တော်လှန်နေကြောင်း ဓာတ်ပုံအထောက်အထားများအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly