ရွှေဘိုနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်းဆောင် ၃ ဦးအပါဝင် ၁၃ ဦး သေဆုံး ဟုဆို

By ပါခွီး (မဇ္ဈိမ)
31 January 2023
ရွှေဘိုနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်းဆောင် ၃ ဦးအပါဝင် ၁၃ ဦး သေဆုံး ဟုဆို

မဇ္စျိမ ။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းအရစောင့်ကြိုတိုက် ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်ဆိုသူသုံးဦးအပါအဝင် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး စုစုပေါင်း ၁၃ ဦး သေဆုံးသွားကြောင်း Shwe Bo Federal Army (SBFA) က ယနေ့ ဇန်နဝါရီလ ၃၁ ရက်တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၇နာရီ ၂၂ မိနစ်အချိန်က မင်းဘေးကျေးရွာနှင့် ဂျိုးမြေဇင်းကျေးရွာကြား တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“ပြည်သူတွေကိုဒုက္ခပေးနေတဲ့ တည်သီးတော ပျူခေါင်းဆောင်တွေ ရှင်းနိုင်ခဲ့တာပါ” ဟု SBFA တာဝန်ရှိ သူတစ်ဦးကပြောသည်။

တိုက်ပွဲကြာချိန် မိနစ် ၃၀ အတွင်း ဇီးဖြူကုန်း၊ သီးလုံး၊ တည်သီးတောမှ ပျူစောထီးခေါင်းဆောင်များ ဖြစ်သော ခိုင်ဇော်ဦး ၊ မျိုးမင်းသူ ၊ ထက်အောင်တို့သုံးဦးအပါအဝင် ၁၃ ယောက်သေဆုံးပြီး ပျူစောထီး အဖွဲ့ဝင် ဖိုးပူးနှင့်ဝင်းကိုအပါဝင်ခြောက်ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်းဆိုသည်။

စောင့်ကြိုတိုက်ခိုက်မှုကြောင့် အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များ သည် သေနတ်များပစ်ဖောက်ကာ ထွက်ပြေးသွားကြကြောင်း သိရသည်။

သီးလုံးနှင့် ဇီးဖြူကုန်းကျေးရွာများမှ ပျူစောထီးတပ်ကူများရောက်လာချိန်တွင် တော်လှန်ရေး တပ်ပေါင်း စုများ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် ခိုင်ဇော်ဦး၊ မျိုးမင်းသူ၊ ထက်အောင်တို့သည် ပတ်ဝန်းကျင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများလုယူခြင်းများ ကျူးလွန်လျက်ရှိပြီး ပြည်သူလူထုအား ဒုက္ခ ပေးနေသူများဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကပြောသည်။

ယခုတိုက်ပွဲကို SBFA နှင့်အတူ ဗိုလ်ကျားရိုင်း (ရွှေဘို) (LPDF) ၊ မဟာမိတ်ဖြစ်သော SAF မန္တလေးခရိုင် အမှတ်(၄) တပ်ရင်း ၊ C&T Shwebo LPDF ၊ ဗိုလ်ဂျပန်ကြီး (Shwebo LPDF) ၊ တောင်သူကြီး(ပကဖ) ၊ BO BA Taw LPDF ၊ Snake Eyes LPDF ၊ Alpha – 7 LPDF ၊ မတစ်ထောင်တစ်ကောင်ဘွား (ဒီပဲယင်းအဖွဲ့) ၊ တိုက်နယ် - (၂)တော်လှန်ရေး အင်အားစုများက ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ရွှေဘိုတပ်ရင်း(၄၂)မှ ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် လှတောကျေးရွာမှတဆင့် ဝက်လက်မြို့နယ်သို့ ထိုးစစ်ဆင်လာရာ ပင်းဇင်း ၊ မူးကြီး ၊ မကျီးတုံ ၊ မင်းစု ၊ သခွတ္တော ၊ ခေါတော ၊ တိုက်ကုန်း ကျေးရွာများရှိ ပြည်သူပိုင် အိမ်များကို မီးရှို့ဖျက်ဆီးပြီး ဝက်လက်အနောက်ဖက်ရှိ မီးသတ်ရုံး၌ အထိုင်ချစဉ် SBFA နှင့် မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရှိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required