စစ်အာဏာသိမ်းမှု ၂ နှစ်မြောက်နေ့တွင် နယူးဒေလီ၌ ဆန္ဒပြမည်

By ပါခွီး (မဇ္ဈိမ)
31 January 2023
စစ်အာဏာသိမ်းမှု ၂ နှစ်မြောက်နေ့တွင် နယူးဒေလီ၌ ဆန္ဒပြမည်

မဇ္စျိမ ။ ။ စစ်ကောင်စီမှအာဏာလုယူခဲ့သည့် နှစ်နှစ်မြောက်ဖြစ်သော ဖေဖော်ဝါရီလ ၁ ရက်တွင် နယူးဒေလီရှိမြန်မာနိုင်ငံသားများမှ ကန့်ကွက်ဆန္ဒပြမှုတစ်ရပ် ပြုလုပ်သွားရန် ရှိနေသည်ဟု သိရသည်။

ဒေသအသီးသီးမှ မြန်မာနိုင်ငံသားများသည် နယူးဒေလီရှိ ဂျန်တာမန်တား အရပ်တွင်စုဝေး၍ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီတွင် ဆန္ဒပြပွဲကိုစတင်မည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်သည့် CRPH/NUG Support Group-India/ India For Myanmar မှ ကြေညာထားသည်။

အကြမ်းဖက်စစ်တပ်၏ ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သား နှင့် စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုများ၊ လူမဆန်စွာ အဓမ္မကျင့်၊ သတ်ဖြတ် မီးရှို့ နေမှုများ၊ အကြမ်းဖက် ခိုးဆိုးလုယက်မှု စသည့်စစ်ရာဇဝတ်မှုများကို ကန့်ကွက်ရှုတ်ချ ကြမည်ဖြစ် ကြောင်းသိရသည်။

နိုင်ငံတကာမှ အကြမ်းဖက်စစ်တပ်အား ဖိအားပေးအရေးယူနိုင်ရေး ၊ စစ် ဘေးရှောင်များအား လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေး၊ ဒုက္ခသည်အခွင့်အရေးများ အပြည့်အဝရရှိရေး၊ စစ်အာဏာရှင် ဖြုတ်ချရေးတို့ကို တောင်းဆိုမည်ဟု ဆိုသည်။

ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အသက်ပေး ကြိုးစားနေကြသည့်အဖွဲ့အစည်းများကို နိုင်ငံတကာမှ အကူအညီပေးကြရန်လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်တပ်၏ ရက်စက်ယုတ်မာမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် မြန်မာပြည်သားများမှ ဆန္ဒပြပွဲကို ပူးပေါင်း ပါဝင်ပေးကြပါရန် ဦးဆောင်ကျင်းပသူများမှ တိုက်တွန်း နှိုးဆော်ထားသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း နယူးဒေလီမြို့ရှိ ဂျန်တားမန်တားအရပ်တွင် မီဇိုရမ်ပြည်နယ် ကျောင်းသားများသမဂ္ဂ (Mizo Students Union) မှ ဦးစီးပြီး မြန်မာနိုင်ငံသားများမှပူးပေါင်းကာ မြန်မာပြည် ဒီမိုကရေစီအရေးနှင့် အိန္ဒိယနိုင်ငံရောက် ဒုက္ခသည်နှင့် စစ်ဘေးရှောင်များအား အကူအညီပေးရန် ဆန္ဒပြပွဲပြုလုပ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ ၊ CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင်များအပါအဝင် မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အပါအဝင် နယ်နမိတ်ချင်းထိစပ်နေသော ပြည်နယ်များသို့ ဝင်ရောက်ခိုလှုံ လျက်ရှိနေသည်။

အိန္ဒိယအစိုးအရအနေဖြင့် အာဏာသိမ်းမြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး အကူအညီများပေးနေကာ စစ်ဘေးရှောင်များအား အသိအမှတ်ပြု ထောက်ပံ့ပေးရန်ကိုမူ ငြင်းဆန်လျက်ရှိကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly