အိန္ဒိယအစိုးရအနေဖြင့် မြန်မာဒီမိုကရေစီအရေး အားပေးထောက်ပံ့ရန် မြန်မာနိုင်ငံသားများ ဆန္ဒထုတ်ဖော်

By ဂျူနို (မဇ္စျိမ)
31 January 2023
အိန္ဒိယအစိုးရအနေဖြင့် မြန်မာဒီမိုကရေစီအရေး အားပေးထောက်ပံ့ရန် မြန်မာနိုင်ငံသားများ ဆန္ဒထုတ်ဖော်

(မဇ္ဈိမ)။ ။အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် အိန္ဒိယအစိုးရအား မြန်မာဒီမိုကရေစီအရေး ကူညီပေးရေးနှင့် မြန်မာဒုက္ခသည်များအရေး တောင်းဆိုဆန္ဒထုတ်ဖော်ပွဲ ကျင်းပကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲကို မီဇိုးကျောင်းသားများသမဂ္ဂ(MSU)နှင့် မြန်မာဒုက္ခသည်များကူညီရေးကော်မတီ-မီဇိုရမ်(MRRCM)တို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက နယူးဒေလီမြို့ရှိ ဂျန်တားမန်တား အရပ်တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“အိန္ဒိယအစိုးရက မြန်မာဒီမိုကရေစီအရေးကို မထောက်ပံ့ဘူး။ အခု မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ က ဒီမိုကရေစီရရေးကြိုးပမ်းနေကြတယ်။ ဒါကို အိန္ဒိယအစိုးရက ကိုယ့်အိမ်နီးချင်းနိုင်ငံဖြစ်နေတာတောင် ထောက်ပံ့မှုမပေးဘူး။ ဒီနေ့ဆန္ဒဖော်ထုတ်ပွဲမှာ ကျွန်မတို့အနေနဲ့ အိန္ဒိယအစိုးရကို အားပေးထောက်ပံ့ ပေးဖို့တောင်းဆိုတာပါ။ အိန္ဒိယအစိုးရက မြန်မာဒီမိုကရေစီအရေး Support မပေးမချင်း ကျွန်မတို့ ဆက် လက်တိုက်ပွဲဝင် တောင်းဆိုသွားမှာပါ” ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာဒုက္ခသည်များအား အိန္ဒိယအစိုးရမှ exit permit ထုတ်ပေးရေး၊ မီဇိုရမ်တွင် ခိုလှုံနေသည့်မြန်မာနိုင်ငံသားများအား တန်းတူအခွင့်အရေးများရရှိရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး စသည့် အချက်သုံးချက်ကို တောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာ နိုင်ငံသား ၁,၀၀၀ ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ အကြောင်းမဲ့ဖိနှိပ်ညှဉ်းပန်းမှုများကြောင့် ချင်းပြည်နယ် အတွင်းရှိ ပြည်သူအချို့သည် နီးစပ်ရာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြရပြီး မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဦးရေ ၄၀,၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကာ မဏိပူ၊ နာဂလဲန်းနှင့် အရူနာ ပရာဒေ့ချ် ပြည်နယ်တို့တွင်လည်း ခိုလှုံနေသူများ ရှိကြောင်းသိရှိရသည်။

ထိုပြည်နယ်များထဲတွင် မီဇိုရမ်ပြည်နယ်ရှိအစိုးရနှင့် ဒေသခံများက မြန်မာစစ်ဘေးရှောင်များကို ကူညီ ထောက်ပံ့ပေးနေသော်လည်း မဏိပူပြည်နယ်တွင် ယခုဇန်နဝါရီလအတွင်း အထောက်အထားမဲ့ မြန်မာ နိုင်ငံသား ၈၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်းဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly