ရတနာပုံအသင်း ဒုတိယနေရာမှ ဟံသာဝတီအား အနိုင်ယူကာ ငါးမှတ်ဖြတ်၍ ဇယားထိပ် ဆက်လက်ဦးဆောင်

ရတနာပုံအသင်း ဒုတိယနေရာမှ ဟံသာဝတီအား အနိုင်ယူကာ ငါးမှတ်ဖြတ်၍ ဇယားထိပ် ဆက်လက်ဦးဆောင်
ဟံသာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ် ( ဓာတ်ပုံ - ရွှေဘုတ် / Mizzima )

မတ် ၁၄ ၊ ရန်ကုန်။            ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရတနာပုံအသင်းသည် ဒုတိယနေရာမှ ဟံသာဝတီအသင်းအား အနိုင်ယူကာ ငါးမှတ်ဖြတ်၍ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။ အဆိုပါပွဲသည် အမှတ်ပေးဇယားထိပ်ဆုံးမှ အသင်းကြီးနှစ်သင်းဖြစ်သည်နှင့် အညီ ပြိုင်ဆိုင်မှုများပြင်းထန်ခဲ့ပြီး ရတနာပုံအသင်းမှ ကိသ်၊ အောင်သူတို့၏ သွင်းဂိုးများကြောင့် ၁-၃ ဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲတွင် ရတနာပုံနည်းပြရီနီသည် လက်ပစ်ဘောပြစ်မည့် ဘောလုံးအား ကန်ထုတ်ကာ ဟံသာဝတီအသင်းကစားသမားများနှင့် စကားများခဲ့သည့်အတွက် ကွင်းလယ်ဒိုင်က ကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည့်အတွက် ယခုနှစ် ဘောလုံးရာသီပထမဦးဆုံး ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အခြားပွဲစဉ်များဖြစ်သည့် ဆောက်သမ်းမြန်မာအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ပွဲတွင် ချင်းအသင်းက ခြေစွမ်းပြကာ ၃-၀ ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သလို ရခိုင်အသင်းကလည်း တန်းဆင်းဇုန်အတွင်းမှ ဟော်ရဇွန်အသင်းအား ၃-၀ ဖြင့် ဂိုးပြတ်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဇေယျာရွှေမြေအသင်းမှာမူ အိမ်ကွင်း မုံရွာကွင်းတွင် ဧရာဝတီအသင်းအား လက်ခံကစားခဲ့ရသော်လည်း အမှတ်ယူနိုင်ခြင်းမရှိပဲ ဝ-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ကျန်ပွဲစဉ်ဖြစ်သည့် မကွေးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းပွဲတွင် တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ တစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။

ယခုတစ်ပတ် လိဂ် ပွဲစဉ် ၁၀ တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းတို့ ပွဲစဉ်အား AFC Cup အုပ်စုပွဲယှဉ်ပြိုင်ကစားရမည် ဖြစ်သည့်အတွက် ဧပြီ ၇ ရက်သို့ ပြောင်းရွေ့ကစားစေခဲ့သည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ ပွဲများ ပြီးဆုံးချိန်တွင် ရတနာပုံအသင်းက ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဟံသာဝတီအသင်းက  ရမှတ် ၂၁ မှတ်ဖြင့် ဒုတိယ၊ ဧရာဝတီအသင်းက ရမှတ် ၁၇ မှတ်ဖြင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly