ဆီးမီးခုံ မြို့မှာကင်းပတ်ထွက်သည့် စစ်သားနှင့် ရဲများမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးထိသေဆုံးဟုဆို

ဆီးမီးခုံ မြို့မှာကင်းပတ်ထွက်သည့် စစ်သားနှင့် ရဲများမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးထိသေဆုံးဟုဆို

မဇ္ဈိမ ။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆီးမီးခုံမြို့တွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးအထိသေဆုံးခဲ့ကြောင်း Naung Yoe Special Guerrilla Force က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းတွင် ဆီးမီးခုံမြို့ မှ အရှေ့ဘက်သို့ ဆိုင်ကယ် ၅ စီးဖြင့် ကင်းလှည့်ထွက်သည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ဆိုင်ကယ် ငါးစီး အင်အား ၁၀ ယောက်ဟာ ဆီးမီးခုံ-နဘူးအိုင်လမ်းပေါ်မှာ ကင်းပတ်ထွက်တာ အဲ့မှာ စောင့်ပြီးမိုင်းဆွဲတာ ရဲ လေးယောက် နဲ့ စစ်သား နှစ်ယောက် သေတယ်။ အခုလိုမိုင်းဆွဲတိုက်ခိုက်နိုင်ဖို့ တစ်ပတ်လောက် နေ့တိုင်းစောင့် ခဲ့ရတာ” ဟု Naung Yoe Special Guerrilla Force က တာဝန်ရှိသူက ပြောပြသည်.

ကင်းပတ်ထွက်သည့်ဆိုင်ကယ် ငါးစီးအနက် လေးစီးမှာ မိုင်းကွင်းထဲရောက်ရှိလာချိန် အမိအရ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးခဲ့သည့် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများကို ယင်း နေ့ ည ၁၁ နာရီ လောက်တွင် နာရေးကားများဖြင့် လာရောက် ကောက်ယူသွားကြောင်း ဆိုသည်။

ဆီးမီးခုံမြို့ မှ တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် မြို့နေ ပြည်သူများကို ဖမ်းဆီးခြင်းပြုလုပ်သကဲ့သို့ မကြာခဏဆိုသလို အနီးအနားပတ်ဝန်းကျင် ကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်း NYSGF အဖွဲ့ ကဆိုသည်။

“ဆီးမီးခုံမှာကြည်းတပ်ကော ရေတပ်ကောရှိတယ်။ ရေတပ်မှာ သင်္ဘောလည်း ရှိတယ်။ အဲ့သင်္ဘောက လက်နက်ကြီးနဲ့ မြောင်ဘက်ကို လှမ်းပစ်တာတွေ ရှိတယ်။ ပြည်သူတွေကို ဖမ်းဆီးတာတွေ လည်းရှိတယ်။ လူငယ်တွေကို PDF ဆိုပြီး ဖမ်းဆီး သတ်ဖြတ်တာတွေလည်း ရှိတယ်” ဟု NYSGF အဖွဲ့ မှ တာဝန်ရှိသူတစ်ဦး ကပြော သည်။

ဆီးမီးခုံမြို့မှ ကင်းပတ်ထွက်သည့် စစ်သား ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု လေးကြိမ်ထိ ရှိခဲ့ပြီ ဖြစ်ပြီး အခုတစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုကို Naung Yoe Special Guerrilla Force အဖွဲ့ နှင့်အတူ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၁) 27 Revolution Force အဖွဲ့တို့ က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဟုသိရသည်။

စာတည်း ။ ။ စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required