ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ဇန်နဝါရီအသုံးစရိတ်အတွက် စံချိန်သစ်တင်

ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ဇန်နဝါရီအသုံးစရိတ်အတွက် စံချိန်သစ်တင်
Photo: AFP

ပရီးမီးယားလိဂ်ကလပ်တွေဟာ ဇန်နဝါရီဈေးကွက်အတွင်း အပြောင်းအရွှေ့အသုံးစရိတ်အတွက် ပေါင်သန်း ၄၄၀ (ဒေါ်လာ ၅၄၂ သန်း) နဲ့ စံချိန်ချိုးဖျက်ခဲ့တယ်လို့ အားကစားဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ Deloitte ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အင်္ဂါနေ့ ဂရင်းနစ်စံတော်ချိန် ၁၅း၀ မှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ စုစုပေါင်းအသုံးစရိတ်ဟာ ၂၀၁၈ ဇန်နဝါရီမှာ ပြိုင်ပွဲရဲ့ အရင်အမြင့်ဆုံး ပေါင်သန်း ၄၃၀ ကို ကျော်လွန်သွားခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ပိုင်ရှင်သစ်တွေရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ ဇန်နဝါရီစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။

အပြာရောင်လန်ဒန်ကလပ်ဟာ ဒီလမှာ ပေါင် သန်း ၁၈၀ ဝန်းကျင် အသုံးပြုခဲ့ပြီး ယူကရိန်းတောင်ပံကစားသမား မီခေးလို မူဒရစ်ခ်ကို ရှက်ဒိုးနက်စ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၈၈.၅ သန်း ဝန်းကျင် သုံးစွဲပြီး ခေါ်ယူခဲ့ပါတယ်။

ချယ်လ်ဆီးဟာ မော်လ်ဒီအသင်းကနေ ဒေးဗစ် ဖိုဖာနာကို၊ မိုနာကိုကနေ ဘက်ဒီယာရှီလာ၊ ဗက်စ်ကိုဒါဂါမာကနေ အန်ဒရီ ဆန်းတို့စ်နဲ့ ပီအက်စ်ဗီကနေ နိုနီ မာဒူကီတို့ကိုလည်း ခေါ်ယူခဲ့ပါတယ်။

နယ်သာလန်တိုက်စစ်မှူး ကော့ဒီ ဂတ်ပိုဟာ ပေါင် ၄၄ သန်းနဲ့ ပီအက်စ်ဗီကနေ လီဗာပူးလ်ကို ရောက်ရှိလာတဲ့ နောက်ထပ် ဇန်နဝါရီပြောင်းရွှေ့မှုကြီးဖြစ်ပါတယ်။

ဇန်နဝါရီ အပြောင်းရွှေ့ဈေးကွက်မပိတ်ခင် တစ်ပတ်ကျရှိနေသေးပြီး စံချိန်သစ်တင်ဖို့ ရှိနေပါတယ်။

၂၀၂၂ ဇန်နဝါရီအပြောင်းအရွှေ့မှာ Deloitte က ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စုစုပေါင်းအသုံးစရိတ်ဟာ တစ်ပတ်အတွင်း ပေါင် ၁၀၅ သန်းရှိခဲ့ပြီး ပေါင် ၂၉၅ သန်းနဲ့ ဈေးကွက်ပိတ်သိမ်းခဲ့ပါတယ်။

"ပရီးမီးယားလိဂ်အသင်းတွေက ရာသီရဲ့ အရေးကြီးတဲ့ ဒုတိယနှစ်ဝက်မတိုင်ခင် သူတို့အသင်းတွေကို အားဖြည့်ဖို့ ကြိုးစားနေတာကြောင့် ၂၀၂၃ ဇန်နဝါရီဟာ အရင်ဆောင်းရာသီဈေးကွက်ကာလအတွင်းသုံးစွဲခဲ့တဲ့ စံချိန်ကို ကျော်လွန်သွားခဲ့ပြီးဖြစ်ပါတယ်"လို့ Deloitte ရဲ့ Sports Business Group က လက်ထောက်ညွှန်ကြားရေးမှူး ကာလမ် ရော့စ်က ပြောပါတယ်။

”၂၀၂၂-၂၃ ရာသီမှာ ကလပ်အသင်းတွေဟာ သူတို့ရဲ့အသင်းလူစာရင်းတွေမှာ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ မြင်တွေ့ခဲ့ရပြီး ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ကလပ်တွေဟာ ကစားသမားအပြောင်းအရွှေ့အတွက် ပေါင် ၂.၄ ဘီလီယံကျော် အသုံးပြုထားပါတယ်။

"အသင်းပိုင်ရှင်သစ်နဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် သိသာထင်ရှားတဲ့ ငွေကြေးပမာဏတွေကို ပေးဆောင်ဖို့  ဘဏ္ဍာရေးရင်းမြစ်တွေ ရရှိနိုင်မှုက စံချိန်တင်အသုံးစရိတ် အဆင့်တွေဆီကို အဓိက ပံ့ပိုးသူတွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

"ဒီအသုံးစရိတ်အဆင့်ဟာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကပ်ရောဂါအလွန် ပြန်လည်ကောင်းမွန်လာမှုကို ဖော်နေပေမယ့် ရေရှည်ဘဏ္ဍာရေးအစီအစဉ်ရေးဆွဲခြင်းရဲ့ အရေးကြီးမှုနဲ့ ဘဏ္ဍာရေးရေရှည်တည်တံ့မှုအပေါ် အာရုံစိုက်မှုက ဦးစားပေးအဖြစ် ဆက်လက်ရှိနေသင့်ပါတယ်။"

၂၀၂၂-၂၃ ရာသီအတွက် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စုစုပေါင်းအသုံးစရိတ် ပေါင် ၂.၄ ဘီလီယံဟာ ဆောင်းရာသီမှတ်တမ်းသစ်နဲ့အတူ  ပြီးခဲ့တဲ့ နွေရာသီက စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁.၉ ဘီလီယံရှိခဲ့တယ်လို့  Deloitte က ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly