ဇန်နဝါရီလ ၂၄ ရက်
ထိုင်းနိုင်ငံ အလယ်ပိုင်း၌ တရုတ် လနှစ်သစ်ကူးပွဲအတွင်း ခရီးသည်တင်ဗင်ကားတစ်စင်း တိမ်းမှောက်ရာမှ ကလေးငယ် နှစ်ဦးအပါအဝင် လူ ၁၁ ဦး မီးလောင်သေဆုံးကြောင်း ရဲက တနင်္လာနေ့တွင် ပြောသည်။
ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံသည် လမ်းပိုင်းဘေးကင်းရေး ဆိုးဝါးသော စံချိန်များရှိထားပြီး ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိကာ အထူးသဖြင့် စည်ကားသော အများပြည်သူရုံးပိတ်ရက်များတွင် ဖြစ်သည်။
အရှေ့မြောက်ပိုင်း အမ်နက် ချာရွန်ပြည်နယ်မှ ဘန်ကောက်သို့ မောင်းနှင်လာသည့် ခရီးသည် ၁၂ ယောက် ပါ ဗင်ကားသည် အလယ်ပိုင်း နက်ခွန်ရတ်ချာဆင်မာပြည်နယ်ရှိ အဝေးပြေးလမ်းတွင် စနေနေ့ညက တိမ်းမှောက်ခြင်းဖြစ်သည်ဟု ရဲမှူး ယင်ယို ပိုဒီက ပြောသည်။
လူတစ်ဦးပဲ ပြတင်းပေါက်မှ အပြင်သို့ တိုးထွက်နိုင်ခဲ့ပြီး အခြား ခရီးသည်များသည် ကားအတွင်း ပိတ်မိကာ မီးလောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အသက်ရှင် လွတ်မြောက်သူ အသက် ၂၀ အရွယ်ကျောင်းသား သာနာချစ် ကင်းကော်က အိပ်ပျော်နေချိန် အော်ဟစ်သံကြားပြီး ဆောင့်တိုက်မိကာ နှိုးလာခဲ့ရသည်ဟု ပြောသည်။
“ကျွန်တော် လန့်နိုးလာတယ်၊ နောက်တော့ ဘာဖြစ်တယ်ဆိုတာကို သိလိုက်ပြီး၊ ဗင်ကားက ကျွမ်းထိုးမှောက်ခုံ ဖြစ်နေပြီ၊ ဘာတွေဖြစ်နေလည်းဆိုတာ ကျွန်တော် မမြင်ရဘူး”ဟု ၎င်းက ပြောသည်။
“တိမ်းမှောက်တဲ့နောက်မှာ ကားနောက်ပိုင်းနေစပြီး မီးက တစ်စီးလုံး လောင်တော့တာပဲ၊ ကျွန်တော် ပြတင်းပေါက်ကို ကန်ဖွင့်တယ်၊ အပေါက်သေးသေးကနေ တွားသွားထွက်လာတာပဲ၊ မကြာပါဘူး၊ ကားဟာ ပေါက်ကွဲတော့တာပဲ”ဟု ၎င်းက ဆိုသည်။
မီးလောင်ပြီး စက္ကန့်ပိုင်းမှာပင် ကားပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့၌ စေတနာ့ဝန် ပါဝင်နေသူ နစ်ခွမ် ဆီအန်းက ပြောသည်။
“ကားတစ်စီးလုံး မီးလောင်တာ စက္ကန့် ၃၀ တောင် မကြာဘူး၊ မီးသတ်ဆေးဘူးတွေ ရှိပေမယ့် ကျွန်တော် ဘာမှ မလုပ်ပေးနိုင်တော့ဘူး၊ ဗင်ကားက သုံးလေးကြိမ် ထပေါက်ကွဲတော့တာပဲ”ဟု ၎င်းက ပြောသည်။
အဆိုပါ ဗင်ကားသည် လောင်စာရော ဓာတ်ငွေ့ပါ သုံးသည့် ကားဖြစ်သော်လည်း ကနဦးသတင်းများအရ ဓာတ်ငွေ့တိုင်ကီ ယိုစိမ့်ခြင်းမရှိဟု ရဲမှူး ယင်ယိုက ပြောသည်။
“လောင်စာကြောင့် မီးလောင်တာပဲလို့ ကျွန်တော်တို့ ထင်တယ်”ဟု ၎င်းက ပြောပြီး ယာဉ်တိမ်းမှောက်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)