ပုသိမ်အကျဉ်းထောင်၌ ညှဉ်းပန်းနှိပ်စက်ခံရသည့် အကျဉ်းသားများအတွက် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းမည်ဟု NUG ဝန်ကြီးချုပ် ကတိပြု

ပုသိမ်အကျဉ်းထောင်၌ ညှဉ်းပန်းနှိပ်စက်ခံရသည့် အကျဉ်းသားများအတွက် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းမည်ဟု NUG ဝန်ကြီးချုပ် ကတိပြု

ဇန်နဝါရီလ ၂၃ ရက်

ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် မတရားဖမ်းဆီး အကျဉ်းချခံထားရသူများအတွက် တရားမျှတမှု ရရှိစေရေး ဖော်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုလအစောပိုင်းတွင် ပြုလုပ်သည့် ၈၂ ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ကတိပြုလိုက်ကြောင်း NUG က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်၏ သေဒဏ်ပြစ်ဒဏ် အသုံးပြုမှုအပေါ် ဆန့်ကျင်လျက် ၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်တွင် ထောင်တွင်း သပိတ်မှောက်ဆန္ဒပြမှုတစ်ခုကို စီစဉ်ခြင်းအတွက် စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည့် ကိုဝင်းမင်းထက်နှင့် အခြားသော မတရားဖမ်းဆီးခံရသူ ၈ ဦးအတွက် တရားမျှတမှု ဖော်ဆောင်ရန် လိုအပ်ကြောင်း NUG ဝန်ကြီးချုပ်က ပြောသည်။  

၂၀၂၃ ဇန်နဝါရီ ၅ ရက် ည ၁၁ နာရီခန့်တွင် အကျဉ်းသားများသည် လူမဆန် ရက်စက်စွာ ရိုက်နှက်နှိပ်စက်ခံခဲ့ရသည်ဟု သိရပြီး ခုနစ်ဦးသည် တိုက်ပိတ်ခံခဲ့ရသည်။

ဖြစ်စဉ်ဖြစ်ပြီးနောက် ကိုဝင်းမင်းထက်သည် ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

၂၀၂၃ ဇန်နဝါရီ ၇ ရက်တွင် အကျဉ်းထောင်တွင်း လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်း ၅၀ ဦးခန့်က အကျဉ်းသားများအပေါ် အကြီးအကျယ် ညှဉ်းပန်းနှိပ်စက်ခဲ့မှုကြောင့် ကိုဝေယံဖြိုး သေဆုံးပြီး အကျဉ်းသား ကိုးဦးထက်မနည်း အသက်အန္တရာယ်စိုးရိမ်ရသည်အထိ အပြင်းအထန် ဒဏ်ရာရခဲ့ကာ အခြားအကျဉ်းသားအများအပြား ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း NUG က ထပ်မံထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များ၌ အကျဉ်းသားများအပေါ် ယုတ်ညံ့စွာ ဆက်ဆံမှု၊ ရံဖန်ရံခါတွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုတို့နှင့်ပတ်သက်ပြီး သတင်းများက ပြင်ပသို့ ဆက်လက် ထွက်ပေါ်လျက် ရှိသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly