ပါကစ္စတန်နိုင်ငံ ဂွါဒါမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကာ ဖုန်းလိုင်းများ ဖြတ်တောက်ထား 

By ANI
19 January 2023
ပါကစ္စတန်နိုင်ငံ ဂွါဒါမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကာ ဖုန်းလိုင်းများ ဖြတ်တောက်ထား 

ပါကစ္စတန်နိုင်ငံ ဂွါဒါဆိပ်ကမ်းမြို့တွင် အာဏာပိုင်များက ဒေသတွင်းအခွင့်အရေးလှုပ်ရှားမှုများကို ဖြိုခွင်းနှိမ်နင်းပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ကြောင်း Al Arabiya Post သတင်းတွင် ဖော်ပြထားသည်။ ဘာလိုချီစတန်ပြည်နယ်အစိုးရသည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ကာ စုဝေးမှုများနှင့် ဆန္ဒပြပွဲများအားလုံးကို တားမြစ်ထားသည်။
အာဏာပိုင်များသည် မက်ခရန် ခရိုင်ရှိ ဂွါဒါ၊ ဂျိဗားနိ၊ ပက်စနီနှင့် အိုမာရန်မြို့များတွင် အင်တာနက်ဝန်ဆောင်မှု၊ မိုဘိုင်းလ်ဖုန်းကွန်ရက်များနှင့် တယ်လီဖုန်းကြိုးလိုင်းများကို ဖြတ်တောက်ထားသည်။ လှုပ်ရှားမှုကို ထောက်ခံသူ ၁၀၀ ကျော်ကိုလည်း  ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
ထို့ပြင် ဂွါဒါ ရဲတပ်ဖွဲ့သည် ဂွါဒါအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ရာမန်အား လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှု၊ အကြမ်းဖက်ရေးနှိုးဆော်မှုနှင့် အခြားစွဲချက်များဖြင့် အမှုဖွင့်ထားသည်။
ဂွါဒါဆိပ်ကမ်း၏ ပင်မဝင်ပေါက် အပြင်ဘက်တွင် ထိုင်သပိတ်ဆင်နွှဲနေကြသည်မှာ ရက်ပေါင်း ၅၀ ကျော်ပြီဖြစ်သည်။ ဆန္ဒပြမှုများသည် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ပိုမို ပြင်းထန်လာခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။  
ဆန္ဒပြသူများသည် အဓိကလေဆိပ်လမ်းနှင့် ဆိပ်ကမ်းသို့သွားသည့်လမ်းကို ပိတ်ဆို့ခဲ့ကြသည်။ ဆန္ဒပြခေါင်းဆောင် ရာမန်က တရုတ်လူမျိုးများကို ဂွါဒါမှ ထွက်ခွာရန် တောင်းဆိုခဲ့သည်။
ရာမန်သည် ၂၀၂၁ ခုနှစ်က  ၃၂ ရက်ကြာမြင့်သည့် အလားတူ ဆန္ဒပြပွဲမျိုးကို ဦးဆောင်ခဲ့သည်။ တိုးတက်မှုအချို့ရှိခဲ့သော်လည်း ပြဿနာအများအပြား ကျန်ရှိနေဆဲဖြစ်သည်။ ရာမန် ဦး‌ဆောင်သော ဒေသခံများသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထိုင်သပိတ်ထပ်မံဆင်နွှဲခဲ့ပြီး အစိုးရ၏ ကတိပျက်ကွက်မှုများကို ပြစ်တင်ဝေဖန်ခဲ့သည်ဟု Al Arabiya Post က ဖော်ပြခဲ့သည်။
ဆန္ဒပြပွဲများသည် ဆက်ရှိနေခဲ့ကာ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်တွင် အခြေအနေ ဆိုးရွားလာခဲ့သည်။
ဆန္ဒပြလူအုပ်ကြီးက ရဲစခန်းကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ စသုံးခဲ့ပြီး ဖမ်းဆီးမှု အများအပြား ပြုလုပ်ခဲ့သည်။ 
ဂွါဒါဆိပ်ကမ်းမြို့သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အတွက် အဓိကကျသော တည်နေရာဟု ယူဆရပြီး တရုတ်ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အခရာအဖြစ် ရှုမြင်ကြသည်။ ဘာလိုချီစတန်ဒေသခံများသည် ထိုစီမံကိန်းမှ အကျိုးခံစားခွင့်လည်း မရကြပေ။
အနာဂတ်ဒူဘိုင်းအဖြစ် ရည်မှန်းထားသည့် ဂွါဒါတွင် သန့်ရှင်းမှုနှင့် အခြားမရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံများကို မရှိသေးပေ။ ဂွါဒါသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဗဟိုချက်ဖြစ်နေသော်လည်း ဒေသခံများ၏ ကံကြမ္မာကို မပြောင်းလဲပေးနိုင်ခဲ့ကြောင်း Al Arabiya Post သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly