ပါကစ္စတန်စစ်တပ်က  နိုင်ငံရေးတည်ဆောက်မှုတွင် ထဲထဲဝင်ဝင် ပါဝင်လာ

By ANI
19 January 2023
ပါကစ္စတန်စစ်တပ်က  နိုင်ငံရေးတည်ဆောက်မှုတွင် ထဲထဲဝင်ဝင် ပါဝင်လာ

ပါကစ္စတန်စစ်တပ်သည် အစိုးရတစ်ရပ်ကို ဖြုတ်ချခြင်းဖြင့် ဒီမိုကရေစီစနစ်ကို နှောင့်ယှက်ခဲ့ပြီးနောက်  နိုင်ငံတွင်း ရုပ်သေးအစိုးရများကို မွေးထုတ်ခဲ့ကြောင်း Geo-politik က ဖော်ပြသည်။
ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ် ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီဥက္ကဋ္ဌလည်းဖြစ်သည့်  အီမရန်ခန်းက အင်အားကြီး  စစ်တပ်ကို ထည်ထောင်နေခြင်းသည် နိုင်ငံအတွင်း အတိတ်က အမှားအယွင်းများမှ သင်ခန်းစာ မယူပဲ ဆက်လက်မှားယွင်းနေခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်က ပြောကြားသည်။
ယခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရလဒ်များ၌ ပါကစ္စတန်စစ်တပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော ပါဝင်ပတ်သက်မှုကို တွေ့မြင်ရမည်ကို ခန်းက စိုးရိမ်နေသည်။ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) တွင် မူတာ ဟီဒါကွာမီလှုပ်ရှားမှု  အဖွဲ့ခွဲများနှင့် ဘာလိုချီစတန်အာဝါမီပါတီ (BAP) အဖွဲ့ဝင်များ ပေါင်းစည်းကြောင်း ကောလာဟလများ ထွက်‌ပေါ်နေခြင်းကို ခန်းက ထောက်ပြခဲ့သည်။
နိုင်ငံရေးတည်ဆောက်မှုတွင် အကြီးတန်းတပ်မတော်အရာရှိကြီးများ၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုကို အထောက်အထားများက ခိုင်ခိုင်မာမာ ဖော်ပြသော်လည်း မည်သူမျှ ပွင့်ပွင့်လင်းလင်း မပြောဝံ့ပေ။
ပါကစ္စတန်တွင် စစ်တပ်သည် ၎င်း၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်ပြီး လူအများ၏ လေးစားမှုနှင့် ချီးမြှောက်မှုတို့ကို လိုချင်သူဖြစ်သည်။  အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များ အချင်းချင်း သံသယ ပြင်းထန်ခြင်းသည် အဆင်မပြေသောနိုင်ငံအဖြစ် အမြဲတမ်း ဖြစ်နေစေသည်။
ပါကစ္စတန်တွင် အောက်လွှတ်တော်ရွေးကောက်ပွဲများ အလျင်အမြန် နီးကပ်လာသည်နှင့်အမျှ  နိုင်ငံတွင်းရှိ ရွေးကောက်ခံရနိုင်သူနှင့် သြဇာရှိသူ  အထင်ကရနိုင်ငံရေးသမားများသည် နိုင်ငံရေးအာဏာကို မျှဝေသုံးစွဲရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့နှင့် ကိုက်ညီမည့် သင့်လျော်သော မူဝါဒလမ်းစဉ်များကို အပြင်းအထန် ရှာဖွေ နေကြသည်။ 
ပါကစ္စတန်တွင် အောက်လွှတ်တော် ရွေးကောက်ပွဲအတွက် တရားဝင်အချိန်ဇယားကို မကြေညာသေးသော်လည်း ဘာလိုချီစတန်၊ ကရာချိနှင့် ပန်ဂျပ်ပြည်နယ်တောင်ပိုင်း ကဲ့သို့သော နေရာများတွင် နိုင်ငံရေးလှုပ်ရှားမှုများ စတင်နေပြီဖြစ်သည်။

ရွေးကောက်ပွဲ ရလဒ်ကို ပုံဖော်ရန် စစ်တပ်က ဆက်လက် ကြိုးပမ်းနေချိန်တွင် ကိုယ်စားလှယ်လောင်းများက ရွေးချယ်ခံရမည့် အလားအလာကို အကဲဖြတ်နေကြသည်။ ပန်ဂျပ်တောင်ပိုင်းတွင် ရွေးကောက်ပွဲဝင်သူများက နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ရန် အာဏာပိုင်များ၏ လမ်းညွှန်ချက်ကို စောင့်ဆိုင်းနေပြီဖြစ်သည်။
ပန်ဂျပ်တောင်ပိုင်းဒေသ၏ နိုင်ငံရေးတွင် အယူဝါဒပြောင်းလဲသူများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အခြားပြည်နယ်များနှင့် မတူဘဲ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N၊ PPP)၊ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) နှင့်  ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ကဲ့သို့သော အဓိကနိုင်ငံရေးပါတီများသည် အမှီအခိုကင်းသော နိုင်ငံရေးသမားများနှင့် ယှဉ်လျှင် ဩဇာအာဏာနည်းသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly