ပါကစ္စတန်အစိုးရက  ပြည်သူများ၏ ပြဿနာများကို မသိကျိုးကျွံပြုနေသဖြင့် ဆန္ဒပြမှုများ  ပြင်းထန်လာ

By ANI
19 January 2023
ပါကစ္စတန်အစိုးရက  ပြည်သူများ၏ ပြဿနာများကို မသိကျိုးကျွံပြုနေသဖြင့် ဆန္ဒပြမှုများ  ပြင်းထန်လာ

ပါကစ္စတန်တွင် ပြည်သူများက အစိုးရအပေါ် မကျေနပ်သဖြင့် မြောက်ဘက် ဂီဂစ်ဘော်လ်တီစတန်မှ တောင်ဘက် ဂွါဒါဆိပ်ကမ်းမြို့အထိ ဆန္ဒပြမှုများဖြစ်ပေါ်နေကြောင်း  Asian Lite သတင်းတွင် ဖော်ပြထားသည်။
ဂီဂစ်ဘော်လ်တီစတန် (GB) တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းအတွက် ပါကစ္စတန်အစိုးရ ဦးဆောင်သော မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ဆန္ဒပြလျက်ရှိသည်။
ထို့ပြင် ဒေသခံ ပြည်သူများသည် လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုမှ ၄ ခုအထိ လျှပ်စစ်မီးပြတ်တောက်မှု ပြဿနာများ ကြုံတွေ့နေရကြောင်း  အင်ဂျင်နီယာ အဘစ်တာရှီက Pamir Times တွင် ရေးသားခဲ့သည် ။
တောင်ပိုင်းတွင် လူမျိုးစုခေါင်းဆောင်များနှင့် အစိုးရအကြား ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ဝါဇီရစ်စတန်ဒေသတွင် ထိုင်သပိတ်များ ဆင်နွှဲနေဆဲဖြစ်သည်။  ဆွေးနွေးမှုများမှာလည်း အထမမြောက်ခဲ့ဘဲ ဇန်နဝါရီ ၁၀ ရက်က စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများတွင် ပါဝင်သူများက  အကြမ်းဖက်သမားများကို အရေးယူရန် အစိုးရအား တိုက်တွန်းခဲ့ကြသည်။
အဆိုပါဆန္ဒပြမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၈၀၀၀ ကျော်ကို ပိတ်ထား ရကြောင်း Asian Lite က ဖော်ပြသည်။
ဂွါဒါဆန္ဒပြပွဲများကို ဦးဆောင်သည့် ဂွါဒါအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် မူလာနာဟီဒါယတာ ရာမန်က တရုတ်သင်္ဘောများ ဆိပ်ကမ်းဧရိယာမှ ထွက်ခွာရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို အစိုးရက မသိကျိုးကျွံဆက်ပြုနေပါက ဆန္ဒပြသူများက လက်နက်များ ကိုင်ဆောင်သွားမည်ဟု ကြေညာထားသည်။
ရာမန် ဦးဆောင်သော ဂွါဒါဆန္ဒပြပွဲသည် ဒေသခံ ငါးဖမ်းသမားများ၏ နစ်နာမှုကို အလေးထားသည်။ တံငါသည်များ၏ ရပိုင်ခွင့်မှသည် ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေ အလုံအလောက်ရရှိရေးဟူသော အရင်းအမြစ်ခွဲဝေမှုအထိ တောင်းဆိုခဲ့ကြပြီး ဆန္ဒပြပွဲတွင် မိသားစုဝင်အားလုံး ပါဝင်ခဲ့ကြသည်။
ထို့ပြင် ဆန္ဒပြသူများသည် အီရန်နှင့် အလွတ်သဘောကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန်လည်း တောင်းဆိုကြသည်။ 
တောင်းဆိုချက်များသည် ဂွါဒါရှိ တရုတ်စီမံကိန်းများနှင့် တိုက်ရိုက်ဆက်စပ်မှု မရှိသော်လည်း CPEC သည် ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဒေသခံအများက ယုံကြည်ကြကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) တွင် အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများသည် ပါကစ္စတန်ရှိ အကြမ်းဖက်အဖွဲ့ အမျိုးမျိုး၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်။
ထို့ကြောင့် တရုတ်က ၎င်း၏နိုင်ငံသားများ ဘေးကင်းရေးအတွက် ပါကစ္စတန်အစိုးရထံမှ အာမခံချက် တောင်းဆိုနေသည်ဟု Asian Lite က ဆိုသည်။
တရုတ်နိုင်ငံရှိ CPEC သည် ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သော်လည်း ဒေသတွင်းကန့်ကွက်မှုနှင့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် တရုတ်အစိုးရ သဘောထား ကွဲလွဲမှုတို့ကြောင့် စီမံကိန်းအရှိန်လျော့ကျခဲ့ကာ လက်ရှိအစိုးရက ထိုစီမံကိန်းကို ပြန်လည်အသက်သွင်းရန် မျှော်လင့်နေသည်။ 
ယင်းပြဿနာများအကြား လက်ရှိဝန်ကြီးချုပ် ရှာဘက်ရှာရစ်ဖ်သည် အီမရန်ခန်းနှင့် စီးပွားရေး အကျပ်အတည်း ပြဿနာများဖြင့် အချိန်ကုန်နေကာ နှစ်ရှည်လများ လျစ်လျူရှုလာသော ပြည်သူများ၏ ပြဿနာများဖြရှင်းရန် အချိန်မပေးနိုင်သလို ထိန်းချုပ်မရနိုင်သည့် အရာများကို နှိမ်နင်းရန် တပ်ဖွဲ့များကို သုံးရင်း အလုပ်များလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required