Maroon 5 အဆိုတော် အဒမ်လာဗင်း၏ဇနီး ဘီဟာတီပရင့်စလို ကိုယ်ဝန် လွယ်ထားရပြီ

Maroon 5 အဆိုတော် အဒမ်လာဗင်း၏ဇနီး ဘီဟာတီပရင့်စလို ကိုယ်ဝန် လွယ်ထားရပြီ

နယူးယော့ခ်၊ မတ် ၁၂ ။         ။ Maroon 5 အဆိုတော် အဒမ်လာဗင်းနှင့် မော်ဒယ် ဘီဟာတီပရင့်စလိုတို့ ဇနီးမောင်နှံသည် ၎င်းတို့၏ ပထမဆုံး ရင်သွေးလေးကို သြဂုတ်လတွင် မွေးဖွားရန်   မျှော်လင့်လျက် ရှိသည်။

အဒမ်လာဗင်းနှင့် ဘီဟာတီပရင့်စလိုတို့ ဇနီးမောင်နှံသည် လက်ထပ်ခဲ့သည်မှာ နှစ်နှစ်ကျော် ကြာပြီဖြစ်ပြီး သြဂုတ်လတွင် ၎င်းတို့၏ ပထမဆုံး ရင်သွေးလေးကို မွေးဖွားရန် မျှော်လင့်ထားကြောင်း နှင့် ပရင့်စလို၏ ကိုယ်ဝန်မှာ သုံးလ လေးလခန့်ရှိပြီဖြစ်ကြောင်း သတင်းအရင်းမြစ်များက Us Weekly ကို ပြောကြားခဲ့သည်။

“The Voice” သီချင်းဆိုပြိုင်ပွဲ အစီစဉ်၏ ဒိုင်လူကြီးတစ်ဦးဖြစ်သူ လာဗင်းက ယခုနှစ်နှောင်း ပိုင်းတွင် NBC ရုပ်သံ ဖျော်ဖြေရေးအစီစဉ်မှ ခတ္တအနားယူရန် စီစဉ်ထားကြောင်း ယခုသီတင်းပတ် အစောပိုင်းက ပြောကြားခဲ့သည်။

လာဗင်းနှင့် ပရင့်စလိုတို့သည် ၂၀၁၂ ခုနှစ် နွေရာသီက စတင်တွဲခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်နှောင်း ပိုင်းက ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို ကြေညာခဲ့ကာ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မက္ကဆီကို၌ လက်ထပ်ပွဲ ကျင်းပခဲ့ကြသည်။

လက်ထပ်ပွဲကျင်းပပြီး တစ်လအကြာတွင် အသက် ၃၆ နှစ်အရွယ်ရှိ လာဗင်းက “ကျွန်တော် ကလေးအယောက်တစ်ရာ လိုချင်တယ်။ ကျွန်တော် ကလေးတွေ အများကြီး လိုချင်တယ်” ဟု Ryan Seacrest ကို ပြောကြားခဲ့သည်။

“ကျွန်မဟာ မိသားစုတစ်စုကို အမြဲတမ်း ပိုင်ဆိုင်ချင်တယ်။ ကျွန်မဟာ တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် မိသားစုများများ လိုချင်တယ်။ ကလေးဆယ်ယောက်လောက် လိုချင်ပါတယ်” ဟု ပရင့်စလိုက ၂၀၁၅ ခုနှစ်အစောပိုင်းတွင် The Lowdown ကို ပြောကြားခဲ့သည်။

“သူမက ကျွန်တော့်ကို အကောင်းဆုံး လူတစ်ယောက် ဖြစ်စေတယ်။ သူမဟာ ကမ္ဘာပေါ်မှာရှိ တဲ့ အကောင်းဆုံး အမျိုးသမီးပါပဲ” ဟု လာဗင်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly