လက်စတာကဲ့သို့ ထူးခြားသည့် စွမ်းဆာင်မှုမျိုး စပိန်ကလပ်များ လုပ်နိုင်မည် မဟုတ်ဟု အင်းနရစ် ဆို

လက်စတာကဲ့သို့ ထူးခြားသည့် စွမ်းဆာင်မှုမျိုး စပိန်ကလပ်များ လုပ်နိုင်မည် မဟုတ်ဟု အင်းနရစ် ဆို

မတ် ၁၂၊ စပိန် ။            ။ ပရီးမီးယားလိဂ်တွင် လက်စတာအသင်းကဲ့သို့ ထူးခြားသည့် စွမ်းဆောင်မှုမျိုး လာလီဂါကလပ်အသင်းငယ်များ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း ဘာစီလိုနာအသင်းနည်းပြ လူးဝစ္စအင်းနရစ်က ပြောသည်။

လက်စတာအသင်းသည် ပြီးခဲ့သည့် ၂၀၁၄-၁၅ ရာသီက တန်းမဆင်းရရန် ရုန်းကန်ခဲ့ရသည့် အသင်းဖြစ်သော်လည်း ယခုနှစ်ရာသီတွင် အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ဖြင့် ပရီးမီးယားလိဂ်တွင် ဒုတိယနေရာမှ စပါးကို ငါးမှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေသည်။

'လက်စတာအသင်း ပရီးမီးယားလိဂ်မှာ စွမ်းဆောင်သလိုမျိုး စပိန်မှာ ဖြစ်နိုင်လားဆိုတာ ကျွန်တော် မသိပါဘူး။ စပိန်မှာက အသင်းကြီးတွေ ဆိုးရွားတဲ့ ရာသီမျိုးဖြစ်သွားဖို့ ခက်ပါတယ်။

လာလီဂါမှာ ထိပ်သီးအသင်းကြီး သုံးသင်းအကြောင်းကိုပဲ ပြောကြပါတယ်။ အက်သလက်က လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကစပြီး အသင်းကြီးစာရင်း ဝင်လာတဲ့ အသင်းပါ။

စပိန်မှာ ကျွန်တော်တို့ရယ် ရီးယဲလ်ရယ် အက်သလက်ရယ် ထိပ်သီးသုံးသင်းရှိပါတယ်။ ပရီးမီးယားလိဂ်မှာလို ဖြစ်နိုင်ပေမယ့် ဒါကို မြင်ရဖို့ အလွန်ခက်ပါတယ်။

ကျွန်တော်တို့ ပရီးမီးယားလိဂ်အကြောင်းကို ပြောတဲ့ အခါမှာ ရုပ်သံဝင်ငွေအကြောင်းကိုလည်း ပြောကြပါတယ်။ ကြီးမားတဲ့ ရုပ်သံဝင်ငွေက ဒီလို အသင်းတစ်သင်း ဖြစ်လာနိုင်စေပါတယ်။

ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံလုပွဲက အသင်းကြီးတွေ ဒုက္ခတွေ့နေပြီး တကယ်ကို လွတ်လွတ်လပ်လပ်ရှိလွန်းပါတယ်' ဟု အင်းနရစ်က ပြောသည်။

လာလီဂါပြိုင်ပွဲတွင် ၂၀၀၃-၀၄ ရာသီက ဗလင်စီယာအသင်း ချန်ပီယံဖြစ်ပြီးနောက်တွင် ဘာစီလိုနာအသင်းက ၇ ကြိမ်၊ ရီးယဲလ်အသင်းက သုံးကြိမ်နှင့် အက်သလက်တီကိုအသင်းက တစ်ကြိမ် ချန်ပီယံဖြစ်ခဲ့ကြသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly