ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်တွင် ငွေကြေးဖောင်းပွမှုအပေါ် ဆန့်ကျင်ဆန္ဒပြ

By ANI
17 January 2023
ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်တွင် ငွေကြေးဖောင်းပွမှုအပေါ် ဆန့်ကျင်ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်ရှိ မြို့ကြီးများတွင် ဂျုံမှုန့်နှင့် အခြေခံစားသောက်ကုန်များ၏ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းအတွက် ပြည်သူများက ဇန်နဝါရီ ၈ ရက်တွင် ဆန္ဒပြခဲ့ကြပြီး ကုန်ဈေးနှုန်း ထိန်းညှိပေးရန်နှင့် ခရိုင်အတွင်း နေ့စဉ်စားသုံးနေသော အခြေခံစားသောက်ကုန်များ အထောက်ပံ့အရရှိရေး အာမခံချက်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်ဟု Dawn သတင်းတွင် ဖော်ပြထားသည်။
ခဝါဇာခဲလာ၊ မင်ဂိုရာနှင့် ဆွက်မြို့များမှ ဆန္ဒပြသူများသည် အခြေခံစားနပ်ရိက္ခာ စရိတ်စကများ မကြုံစဖူး မြင့်တက်လာသည့်အတွက် မိုးရွာနေသည့်ကြားမှ မကျေနပ်ချက်များကို ပြသရန်  ဆန္ဒပြခဲ့ကြသည်။ ဒေသတွင်းကုန်သည်များသမဂ္ဂအနေဖြင့် ဆွက်မြို့အတွက် ဂျုံမှုန့်ခွဲတမ်း တိုးမြှင့်ချထားပေးရန် ဝန်ကြီးချုပ် မာမွတ်ခန်းအား တိုက်တွန်းခဲ့ကြသည်။
ပါကစ္စတန် ဂျမက်-အီ-အစ္စလာမီ (JI)  ပါတီခေါင်းဆောင် ဆီရာဂျ် အာလ်ဟက်သည် သမိုင်းတွင် အကြီးမားဆုံး ငွေကြေးဖောင်းပွမှုဖြစ်စဉ်ကို ဆန့်ကျင်သည့် နိုင်ငံအနှံ့ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ပြီး ခရိုင်များအားလုံးနှင့် ရပ်ကွက်ရုံးများတွင်  ဂျုံမှုန့်၊ ကြက်သား၊ ထောပတ်၊ သကြားနှင့် ပဲမျိုးစုံ ရှားပါးမှုနှင့် အခြားအရေးကြီးသော ပစ္စည်းစျေးနှုန်းများ အဆမတန် မြင့်တက်လာမှုကို ဆန္ဒပြရာတွင်  ပြည်သူများ အင်တိုက်အားတိုက် ပါဝင်ကြရန် တိုက်တွန်းခဲ့သည်။ 
ဆွက်မြို့တွင် ၂၀ ကီလိုဂရမ် ဂျုံမှုန့် တစ်အိတ်စျေးနှုန်းသည် ပါကစ္စတန် ရူပီး ၃၂၀၀ ထိ စံချိန်တင် မြင့်တက်ခဲ့သည်။ ဂျုံမှုန့်အကျပ်အတည်းကို စိုးရိမ်နေကြသဖြင့် ဈေးလျှော့ချရန် လိုအပ်ကြောင်း ဆန္ဒပြသူများက ပြောသည်။
ထို့အပြင် ဆွက်ကုန်သည်များအဖွဲ့ချုပ် ဥက္ကဌ အဗ္ဗဒူရာဟင်မ်က  ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် အာဏာပိုင်များ မလုပ်ဆောင်ပါက မာလာကန်းဒေသတစ်ဝန်းတွင် ဆန္ဒပြပွဲများ အကြီးအကျယ်ပြုလုပ်ရန် ကုန်သည်များကို တွန်းအားပေးသွားမည်ဟု သတိပေးခဲ့သည်။
ထို့အတူ ချာရ်စာဒါခရိုင်မှ တာနက်မြို့သားများသည် မိုးရွာနေသည့်ကြားက ဂျုံနှင့် အခြားစားသောက်ကုန်များ ဈေးတက်နေခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် ပြည်သူများ သက်သာချောင်ချိရေးကို လုပ်ဆောင်ပေးရန် အစိုးရအား တောင်းဆိုခဲ့ကြသည်။
ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်မှ နိုင်ငံရေး က်ကြွလှုပ်ရှားသူများအပါအဝင် လူမျိုးစုများစွာသည် လန်ဒီကိုတယ်စျေးရှိ  ဘာချာခန်းချော့ခ်ရင်ပြင်တွင်စုဝေးကာ ကုန်စျေးနှုန်း မြင့်တက်မှုကို ဆန္ဒပြခဲ့ကြသည်ဟု Dawn သတင်းတွင် ဖော်ပြထားသည်။
ရှန်ဂလာခရိုင်တွင် အီမရန်ခန်း ဦးဆောင်သော ပါကစ္စတန် တီရစ် - အီ-အင်ဆက်ဖ် (PTI) မှ အလုပ်သမားများသည် ဇန်နဝါရီ ၈ ရက်တွင် ဘေလီဘာဘာစျေးရှိ ဘစ်ရှမ်-ဆွက်လမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီး လတ်တလော ငွေကြေးဖောင်းပွမှုနှင့် ဂျုံစျေးနှုန်းများ မြင့်တက်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ပါကစ္စတန် တီရစ် - အီ-အင်ဆက်ဖ် (PTI) မှ ဝန်ထမ်းများသည် မိုးရွာ၍ နှင်းများကျနေသော်လည်း ငွေကြေးဖောင်းပွမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲအတွက် ဘေလီဘာဘာစျေးသို့  စုရုံးရောက်ရှိခဲ့ကြပြီး PTI ၏ အာလ်ပူရီရပ်ကွက်ဥက္ကဌ ဝါကာအာမက်ခန်းက ဦးဆောင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly