အီရန်နှင့် ပါကစ္စတန်သို့ အမေရိကန် ဒေါ်လာများ ခိုးသွင်းနေမှုကို ဟန့်တားပေးရန် အာဖဂန်ကုန်သည်များ တောင်းဆို

By ANI
16 January 2023
အီရန်နှင့် ပါကစ္စတန်သို့ အမေရိကန် ဒေါ်လာများ ခိုးသွင်းနေမှုကို ဟန့်တားပေးရန် အာဖဂန်ကုန်သည်များ တောင်းဆို

အာဖဂန်နစ္စတန်မှ အမေရိကန်ဒေါ်လာများကို အကြီးအကျယ် မှောင်ခိုရောင်းချရာတွင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ ပါဝင်ပတ်သက်လျက်ရှိသည်။ အီရန်သို့ ဒေါ်လာမှောင်ခိုကူးမှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် စိုးရိမ်မိကြောင်း အီရန်နယ်စပ်ရှိ အာဖဂန်နစ္စတန်နိုင်ငံ ဟေရတ်ပြည်နယ်မှ ငွေလဲဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ယင်းကဲ့သို့ ဒေါ်လာများကို  နယ်စပ်မှတစ်ဆင့် မှောင်ခိုရောင်းချနေမှုအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ပြီး တင်းကျပ်သည့် ကန့်သတ်တားမြစ်ချက်များ ချမှတ်ပေးထားပါရန် အာဖဂန်နစ္စတန်မှ ကုန်သည်များက တောင်းဆိုနေကြသည်ဟု Afghan Diaspora Network က ဖော်ပြသည်။
ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာခြင်းကြောင့် အာဖဂန်နစ္စတန်၏ စီးပွားရေးသည် မတည်မငြိမ် ဖြစ်လျက်ရှိသည်။
အစီရင်ခံစာတွင် အာဖဂန်နစ္စတန်မှ အိမ်နီးချင်းနိုင်ငံများသို့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ မှ ၅ ဘီလီယံခန့် ခိုးထုတ်ခံနေရကြောင်း Da Afghanistan ဘဏ်က ထုတ်ပြန်ခဲ့သည်။
အီရန်နှင့် ပါကစ္စတန်သို့ အမေရိကန်ဒေါ်လာ မှောင်ခိုတင်သွင်းမှု ပိုများလာကြောင်းနှင့် ယင်းက အာဖဂန်စီးပွားရေးနှင့် ပြည်တွင်းသုံးငွေကို ထိခိုက်စေနိုင်သည်ဟု အာဖဂန်နစ္စတန်ငွေလဲဝန်ဆောင်မှုသမဂ္ဂ၏ ဒုတိယအကြီးအကဲ အဗ္ဗဒူ ရာမန် ဇီရက်ခ်က သတိပေးခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံသည် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုအပေါ် မှီခိုနေရသော စားသုံးသူအခြေပြုစီးပွားရေး စနစ်ရှိသည့် နိုင်ငံဖြစ်ပြီး နိုင်ငံ၏စီးပွားရေးကို ပြည်ပအကူအညီဖြင့် အဓိက ထောက်ကန်ပေးထားရခြင်းဖြစ်သည်။ ယင်းသို့သော ပြည်ပအကူအညီအများစုသည် အမေရိကန်ဒေါ်လာဖြင့် အာဖဂန်နစ္စတန်သို့ စီးဝင်လာပြီး အာဖဂန်၏ ပြည်တွင်းသုံးငွေကြေး တန်ဖိုးကို ထိန်းသိမ်းထားရန်နှင့် ဆိုးရွားသောစီးပွားရေးအကျပ်အတည်းကို ရှောင်ရှားနိုင်ရန် အထောက်အကူပြုကြောင်း သတင်းတွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ ဒေါ်လာမှောင်ခိုရောင်းခြင်းကြောင့် ပြည်ပမှ သွင်းကုန်များ ဈေးနှုန်းမြင့်မားလာပြီး အာဖဂန်နစ္စတန်တွင် ဝယ်ယူနိုင်စွမ်းကို လျော့ကျစေသည့် အာဖဂန်ငွေတန်ဖိုး ကျဆင်းမှုကို ဖြစ်ပေါ်စေသည်။
အာဖဂန်နစ္စတန် စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဗ္ဗဒူလာတစ်ဖ်နာဇာရီက ဒေါ်လာမှောင်ခိုကူးခြင်းသည် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေသည်ဟု ပြောကြားခဲ့ပြီး မှောင်ခိုကူးမှုများကို ထိထိရောက်ရောက် အရေးယူရန် သက်ဆိုင်ရာတာဝန်ရှိသူများကို တိုက်တွန်းထားကြောင်း Afghan Diaspora Network တွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်၏ အခြားအိမ်နီးချင်းနိုင်ငံဖြစ်သော အီရန်နိုင်ငံသည်လည်း အမေရိကန်ဒေါ်လာ ဆိုးဆိုးရွားရွား ပြတ်လပ်မှုကို  ရင်ဆိုင်နေရသည်။ အီရန်၏ နိုင်ငံခြားအရန်ငွေမှာ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁၂၂ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံအထိ လျော့နည်းလာခဲ့သည်။ အမေရိကန်က ၂၀၁၅-နျူကလီးယားသဘောတူချုပ်မှ နုတ်ထွက်ပြီးနောက် အီရန်သည် နိုင်ငံခြားငွေလဲလှယ်မှု ပြဿနာနှင့် စတင်ကြုံ တွေ့ခဲ့ရကာ နောက်ဆက်တွဲအနေဖြင့် အီရန်၏ ရေနံတင်ပို့မှုနှင့် နိုင်ငံတကာနှင့် ဘဏ်လုပ်ငန်းဆက်ဆံမှုများအပေါ် အကန့်အသတ်များ လုပ်လာခဲ့ရသည်။ နိုင်ငံတွင်း၌ အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် အီရန် မှောင်ခိုသမားများသည် အာဖဂန်နစ္စတန်မှ ဒေါ်လာများကို ဝယ်ယူကာ ပြည်တွင်းဈေးကွက်တွင် စျေးတင်၍ ပြန်လည်ရောင်းချကြသည်။
ပါကစ္စတန်သို့ ဒေါ်လာ မှောင်ခိုတင်သွင်းခြင်းနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့မှ ငွေလဲလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုထားသည်။ မှောင်ခိုသမားများသည် ဒေါ်လာဝယ်ယူရန် သန်းနှင့်ချီသော ပါကစ္စတန်ရူပီးငွေများကို  ကန်ဒါဟာမြို့သို့ နေ့စဉ် သယ်ဆောင်လာကာ ပါကစ္စတန်သို့ လွှဲပို့ပေးသည်ဟု ငွေလဲလုပ်ကိုင်သူများက ပြောကြောင်း Afghan Diaspora Network တွင်  ဖော်ပြထားသည်။
လိမ္မော်သီးထည့်သည့်ကုန်သေတ္တာများကို အသုံးပြု၍ အာဖဂန်နစ္စတန်သို့ ဒေါ်လာများ အတားအဆီးမဲ့ မှောင်ခိုကူးနေမှုကို မကြာမီက ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် ပါကစ္စတန်ရှိ မူဝါဒချမှတ်သူများ တုန်လှုပ်ခြောက်ချားသွားခဲ့ကြောင်း Al Arabiya Post တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရှိ မူဝါဒချမှတ်သူများသည် ငွေကြေးနှင့် ကုန်ပစ္စည်းများ မှောင်ခိုကူးမှုကို တရားဥပဒေစိုးမိုးရေးအဖွဲ့များက မနှိမ်နင်းသည့်အပေါ် စိုးရိမ်နေကြသည်။
မကြာသေးမီက ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး အစ္စဟက်ဒါသည် ဒေါ်လာမှောင်ခိုကူးမှုနှင့်ပတ်သက်၍ ဆွေးနွေးရန် ဝန်ကြီးဌာနပေါင်းစုံ အရေးပေါ်အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပြီး နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုကို တားဆီးနှိမ်နှင်းရန်နှင့် ပါကစ္စတန်၏ စီးပွားရေးနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို  ထိန်းသိမ်းနိုင်ရေး အစီအစဉ်ချမှတ်လုပ်ဆောင်ရန် သက်ဆိုင်ရာအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly