ပါကစ္စတန်နိုင်ငံ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ကုန်သည်စက်မှုလုပ်ငန်းရှင်များ ပြောကြား

By ANI
16 January 2023
ပါကစ္စတန်နိုင်ငံ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ကုန်သည်စက်မှုလုပ်ငန်းရှင်များ ပြောကြား

 

ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေပမာဏသည် စိုးရိမ်ရသော အဆင့်ဖြစ်သော အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံအထိ ကျဆင်းသွားသောကြောင့် နိုင်ငံ၏စီးပွားရေးသည် အဆိုးရွားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ပါကစ္စတန်အခြေစိုက်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FPCCI) မှ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ (BMP) က သတိပေးလိုက်သည်ဟု The Frontier Post newspaper တွင် ဖော်ပြထားသည်။

ပါကစ္စတန်သည် ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံထက်မနည်း အကြွေးဆပ်ရမည့်အချိန်တွင် နိုင်ငံခြားအရန်ငွေပမာဏသည် ထပ်မံကျဆင်းသွားဖွယ်ရှိကြောင်း FPCCI ဥက္ကဋ္ဌဟောင်းနှင့် BMP ဥက္ကဋ္ဌဖြစ်သူ မီယန်အန်ဂျန်းနီဆာက ပြောသည်။

ပါကစ္စတန်သည် ဒူဘိုင်းအခြေစိုက် ကူးသန်းရောင်းဝယ်ရေးဘဏ် ၂ ခု သို့ ဒေါ်လာ သန်း ၆၀၀ နှင့် ဒေါ်လာ ၄၁၅ သန်း ပြန်ဆပ်ခဲ့သည်။

ပါကစ္စတန်သည် ချေးငွေပြန်ဆပ်ပြီးနောက် သွင်းကုန် ၂၅ ရက်စာအောက်သာ သွင်းနိုင်မည့် နိုင်ငံခြားအရန်ငွေသာ ကျန်တော့ကြောင်း သတင်းများတွင် ဖော်ပြနေကြသည်။ ပါကစ္စတန်သည် နိုင်ငံခြားအရန်ငွေပမာဏ လျင်မြန်စွာ လျော့နည်းလာခြင်း၊ ရူပီးတန်ဖိုး ကျဆင်းခြင်းနှင့် ဆိုးရွားလာသော စီးပွားရေးအလားအလာတို့ကြောင့် စီးပွားရေး အကျပ်အတည်းအောက်တွင် ရုန်းကန်နေရကြောင်း FPCCI ဥက္ကဋ္ဌဟောင်းက ပြောကြားခဲ့သည်။

ဘဏ်အချင်းချင်းနှင့် ပြင်ပဈေးကွက်ရှိ အမေရိကန်ဒေါ်လာနှုန်းထားများအကြား ကွာဟချက်သည် ၂၄ ရူပီး ကျော်အထိ မြင့်တက်လာကာ ပါကစ္စတန်ရှိ တရားဝင်စျေးကွက်၂ ခုတွင် အမေရိကန်ဒေါ်လာတန်ဖိုးကွာခြားမှုကို ပြသနေသည်ဟု Frontier Post သတင်းစာက ဖော်ပြသည်။ ဒေါ်လာဝယ်သူများသည် ၁ ဒေါ်လာ လဲလှယ်ရန် ဝန်ဆောင်ခ ရူပီး ၅၀ မှ ၆၀ အကြား ပေးရသည်။

ပါကစ္စတန်တွင် ဘဏ်များသည် ပုံမှန်ဘဏ်လုပ်ငန်းလည်ပတ်မှုအတိုင်း သွင်းကုန်ငွေလွှဲစာတမ်း (LCs) မဖွင့်နိုင်ခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော ကဏ္ဍများအတွက်ပင် ကုန်သွယ်မှုဘဏ်များကို LCs များဖွင့်လှစ်ရန် တွန်းအားပေးနေရကြောင်း မိယန်အန်ဂျန်းနီဆာက ဆိုသည်။

ပါကစ္စတန်နိုင်ငံတော်ဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခြားအဖွဲ့အစည်းများမှ တင်းကျပ်သော အရေးယူဆောင်ရွက်မှုများ မလုပ်ဆောင်ပါက မကြာမီ ပါကစ္စတန်တွင် ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများကျရောက်တော့မည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း မိယန်အန်ဂျန်းနီဆာက ပြောသည်။

ပါကစ္စတန်နိုင်ငံသားများသည် သမိုင်းဝင်ငွေကြေးဖောင်းပွမှုများ၊ ရေနံစျေးတက်ခြင်း၊ ရူပီးတန်ဖိုးကျခြင်းနှင့် ဒေဝါလီခံရနိုင်သည့်  သတိပေးချက်များကို ဖြစ်စေသော အုပ်ချုပ်သူများ၏ မူဝါဒအမှားများကို ခံစားနေကြရသည်ဟု The Express Tribune ဖော်ပြခဲ့သည်။ ပါကစ္စတန်သည် စီးပွားရေး ပြိုလဲမှုအခြေအနေကို ရင်းဆိုင်နေရချိန်မှာ အာဏာရပါတီများသည် ငွေကြေးနှင့် ဥာဏ်ပညာ နှစ်ခုစလုံး ချွတ်ခြုံကျနေသည်ကို တွေ့ရ ပြီး နိုင်ငံ၏အကြွေးဆပ်ရန် ပျက်ကွက်မည့် အခြေအနေရှိနေသည်။

အစိုးရအပြောင်းအလဲဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ ပါလီမန်သည် အလုပ်မလုပ်နိုင်တော့ပဲ အစည်းအဝေးပွဲများ ဖျက်သိမ်းရလုနီး ဖြစ်ခဲ့ပြီး အကြမ်းဖက်ဝါဒများ ပြန်လည်ခေါင်းထောင်လာကာ နေစဉ်နှင့်အမျှ နိုင်ငံရေးမတည်ငြိမ်မှုများ ပိုမိုပြင်းထန်လာသဖြင့် တိုင်းပြည်စီးပွားရေးကို ထိခိုက်စေခဲ့ကြောင်း The Express Tribune က ဖော်ပြခဲ့သည်။

ထိုဖြစ်ရပ်များနှင့်အတူ သာမန်လူထုကို ကိုယ်စားပြုမည်ဟု ကြွေးကြော်ထားသည့် ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ဦးဆောင်သော အာဏာရမဟာမိတ်အဖွဲ့သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ၏ အနိုင်ရလဒ်ကိုမြင်ရပြီးနောက် ဒေသအဖွဲ့အစည်းရွေးကောက်ပွဲများကိုပင် ရှောင်ရှားရန် ကြိုးစားခဲ့သည်။

နိုင်ငံ့စီးပွားရေးကျဆင်းနေချိန်တွင် နိုင်ငံရေးထိပ်သီးများသည် ဥပ‌ဒေသတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ရန် တစ်နှစ်ပတ်လုံး ပျက်ကွက်ခဲ့ကြောင်း The Express Tribune က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly