ဇန်နဝါရီလ ၁၃ ရက်
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှ အစ္စလာမ်ဘာသာရေးဆရာတစ်ဦးဖြစ်သူ မော်လဝီအိုဇိုင်း(ခ) ကိုနိုင်စိုးအား ကရင်အမျိုးသားအစည်းအရုံး(KNU) မှသတ်ဖြတ်ကာ အလောင်းပြန်မပေးဟု စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များမှ ဖြန့်ဝေထားကြသည်။ အဆိုပါအချက်အလက်မှာ မှားယွင်းနေသည်။
“Truth Media” အမည်ရှိသည့် တယ်လီဂရမ်ချန်နယ်မှ “မာမူတစ်ကောင်အား KNU မှသတ်ဖြတ်ပြီး အကင်ပြန်မရ” ဟု (မူရင်းအရေးအသားအတိုင်း) စတင်ဖြန့်ဝေထားသည်။ ထိုအကြောင်းကို ဖတ်ရှုသူ ပေါင်း ၅,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်များအရ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ RFA Burmese သို့ ၎င်း၏မိသားစုဝင်မှ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)၏ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရပြီး အလောင်းပြန်မရကြောင်း ပြောဆိုထားသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဘုရားသုံးဆူမှ မုဒုံဘက်သို့ ဈေးဝယ်သွားရာမှ ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းနှစ်ခွ BGF စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရကြောင်းဆိုသည်။ သတင်းလင့် - t.ly/8fTg
မဇ္ဈိမက ၎င်း၏မိသားစုဝင်တစ်ဦးနှင့် ဆက်သွယ်ရာတွင်လည်း “သူခါတိုင်း မော်လမြိုင်သွားသလို သွားပေ မယ့် ခုတော့ ပြန်မရောက်လာတော့ဘူး။ ဘာမှလည်း ပြန်မရဘူး။ သူ့သူငယ်ချင်းတွေတော့ BGF ဂိတ်ကို သွားမေးထားတယ်” ဟုဆိုသည်။
အခြားဒေသခံတစ်ဦးမှလည်း “သူ့ကို ဆရာအာဂျစ်လို့ သိကြတယ်။ သတ်တာက BGF က သတ်သွားတာ။ ကြာပြီ လွန်ခဲ့တဲ့လကပဲ အလောင်းပြန်မရဘူး” ဟု မဇ္ဈိမသို့ ပြောသည်။
ထို့ကြောင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် မော်လဝီအိုဇိုင်း(ခ)ကိုနိုင်စိုးအား KNU သတ်ဖြတ်လိုက် သည်ဆိုသည်မှာ အသတ်ခံရသည့်ဖြစ်စဉ်မှန်သော်လည်း KNU မှ သတ်ခြင်းမဟုတ်ဘဲ စစ်ကောင်စီလက် အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖြစ်သည့် BGF မှ သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ