ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို ဆောက်သမ်တန်ဂိုးသမား ဖော်စတာနှင့် စပါးနည်းပြ ပိုချက်တီနိုတို့ ရရှိ

ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို ဆောက်သမ်တန်ဂိုးသမား ဖော်စတာနှင့် စပါးနည်းပြ ပိုချက်တီနိုတို့ ရရှိ

မတ် ၁၂၊ အင်္ဂလန်  ။             ။ ဖေဖော်ဝါရီလအတွက် ရွေးချယ်ပေးအပ်သည့် ဘာကလေပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဆောက်သမ်တန်ဂိုးသမား ဖရေဇာ ဖော်စတာက ရရှိခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို စပါးအသင်းနည်းပြ ပိုချက်တီနိုက ရရှိသွားခဲ့သည်။

အင်္ဂလန်လက်ရွေးစင် ဂိုးသမား ဖော်စတာသည် ပြီးခဲ့သည့် ဇန်နဝါရီလကမှ ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီး ဆောက်သမ်တန်အသင်းအတွက် ကလပ်စံချိန်သစ်တစ်ခုဖြစ်သည့်   ခြောက်ပွဲဆက်တိုက်ဂိုးမပေးရအောင် စွမ်းဆောင်ပေးခဲ့သည်။ ထိုပွဲစဉ်များတွင် မန်ယူ၊ အာဆင်နယ်နှင့် ဝက်စ်ဟမ်းတို့ကဲ့သို့ ခက်ခဲသည့် ပွဲစဉ်များပါဝင်ခဲ့သည်။

ဆောက်သမ်တန်အသင်းသည် ဖေဖော်ဝါရီလတွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်လေးပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပြီး ထိုပွဲစဉ်လေးပွဲတွင် သုံးပွဲ ဂိုးမပေးရအောင် ဖော်စတာက စွမ်းဆောင်ပေးခဲ့သည်။

ဖော်စတာသည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ လက်စတာတိုက်စစ်မှူး ဗာဒီ၊ လက်စတာနောက်ခံလူ ရောဘတ်ဟုချ်၊ စပါးကွင်းလယ်လူ အဲရစ်ဆင်၊ ချယ်လ်ဆီးကွင်းလယ်လူ ဝီလျံတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆုကို ရခဲ့ခြင်း ဖြစ်သည်။

စပါးနည်းပြ ပိုချက်တီနိုမှာ စပါးအသင်းကို ၁၉၆၁ ခုနှစ်နောက်ပိုင်းတွင် ချန်ပီယံဆုကို စိန်ခေါ်နိုင်အောင် စွမ်းဆာင်ပေးထားသူ ဖြစ်သည်။ စပါးအသင်းသည် ဖေဖော်ဝါရီလအတွင်းကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို အနိုင်ရရှိခဲ့သည့်အတွက် ပိုချက်တီနိုမှာ အကောင်းဆုံးနည်းပြအဖြစ် အရွေးခံရခြင်း ဖြစ်သည်။

ပိုချက်တီနိုသည် ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်း၊ လက်စတာနည်းပြ ရာနီရေရီနှင့် ချယ်လ်ဆီးနည်းပြ ဂုစ်ဟစ်ဒင့်တို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly