ပါကစ္စတန်တာလီဘန်များက အစိုးရတပ်များကို ယမန်နှစ် တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁ ၀၀၀ ခန့် ရှိခဲ့

By ANI
11 January 2023
ပါကစ္စတန်တာလီဘန်များက အစိုးရတပ်များကို ယမန်နှစ် တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁ ၀၀၀ ခန့် ရှိခဲ့

ပါကစ္စတန်အစိုးရတပ်များအား ပါကစ္စတန်တာလီဘန်များ၏ ယမန်နှစ်က တိုက်ခိုက်မှုများအတွင်း ၂၀၂၂ ခုနှစ်၌  သေဆုံးသူ ၁၀၀၀ ခန့်နှင့် ဒဏ်ရာရသူများရှိခဲ့ကြောင်း ပါကစ္စတန်တာလီဘန် (TTP) အကြမ်းဖက်အဖွဲ့မှ ထုတ်ပြန်သည့် စာရင်းများကို ကိုးကား၍ Khaama Press က ဖော်ပြထားသည်။

တိုက်ခိုက်မှုအများစုကို  ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်တွင် ပြုလုပ်ခဲ့ကြောင်း TTP က ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။ TTP  သည် ပြည်နယ်ပြင်ပတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု Khaama Press က ဖော်ပြခဲ့သည်။

ပါကစ္စတန်တာလီဘန်များသည်  အာဖဂန်နစ္စတန်တွင် ပုန်းအောင်းနေပြီး ပါကစ္စတန်ကို တိုက်ခိုက်ဖို့ စီစဉ်နေကြောင်းနှင့် အာဖဂန်နစ္စတန်တွင် အကာအကွယ်ယူ ခိုအောင်းနေသော ပါကစ္စတန်တာလီဘန်စခန်းများကို ပါကစ္စတန်အနေဖြင့် တိုက်ခိုက်ပိုင်ခွင့်ရှိကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရာနာဆာနူလာက ပြောသည်။ ပါကစ္စတန်နယ်စပ်ပြည်နယ်များတွင် အရှိန်မြှင့်လာသော တိုက်ခိုက်မှုများမှ ပြည်သူများကို အကာအကွယ်ပေးရန် ပြောခြင်းဖြစ်နိုင်ပေသည်။ 

 ထို့သို့မပြောကြားမီ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှာရဖ် ဦးဆောင်သော အကြိမ် ၄၀ မြောက် နိုင်ငံတော်လုံခြုံရေးကော်မတီ (NSC) အစည်းအဝေးကို ဇန်နဝါရီ ၂ ရက်က ပြုလုပ်ခဲ့သည်။ ကော်မတီအစည်းအဝေးအတွင်း ပါကစ္စတန်ခေါင်းဆောင်များက ပါကစ္စတန်တွင် အကြမ်းဖက်ဝါဒကို လုံးဝကျူးလွန်ခွင့်မပြုသည့် ဆုံးဖြတ်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး အကြမ်းဖက်မှု လုပ်ဆောင်သည့် အဖွဲ့အစည်းမှန်သမျှကို ကိုင်တွယ်ရန်  ထပ်မံအတည်ပြုခဲ့သည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေးအေဂျင်စီများ အထူးသဖြင့် အကြမ်းဖက်မှုတန်ပြန်ရေးဌာန (CTD) အား အကြမ်းဖက်မှုတိုက်ဖျက်ရန် လိုအပ်သည့် တိုက်ခိုက်ရေးစွမ်းရည်များကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း NSC ဖိုရမ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထူးသဖြင့် ပါကစ္စတန်တာလီဘန်နှင့် ပါကစ္စတန်အစိုးရကြား ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြယ်သွားချိန်တွင် အကြမ်းဖက်ဝါဒအပေါ် လုံးဝသည်းမခံသောရပ်တည်ချက် ချမှတ်လာခြင်းဖြစ်သည်။ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်ဖ်က သဘောတူညီချက်များ ထားရှိထားသော်လည်း ပါကစ္စတန်တာလီဘန်များသည် ၎င်း၏နိုင်ငံအား တိုက်ခိုက်ရန် အာဖဂန်နစ္စတန်နယ်မြေကို အသုံးပြုနေကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

ပါကစ္စတန်ရှိအကြမ်းဖက်ဖြစ်ရပ်အားလုံး၏ ၅၈ ရာခိုင်နှုန်းသည် ခိုင်ဘာပက်ခ်တွန်ခဝါတွင် ဖြစ်ပွားပြီး အချို့မှာ ဘာလိုချီစတန်၊ ဆင်းဒ်နှင့် ပန်ဂျပ်ပြည်နယ်တို့တွင် ဖြစ်ပွားကြောင်း အာဆစ်ဖ်က ထောက်ပြခဲ့သည်။

နိုင်ငံတော်လုံခြုံရေးကော်မတီ (NSC) အစည်းအဝေးတွင် ပါကစ္စတန်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဝန်ကြီး အစ်ဟက်ဒါ က ပြည်သူအများအတွက် ကူညီထောက်ပံ့ရေးကဲ့သို့သော အပြန်အလှန်အကျိုးစီးပွားနှင့် သာမန်ပြည်သူများအတွက် သက်သာချောင်ချိရေးစီမံချက်ကို အခြေခံ၍ အခြားဘဏ္ဍာရေးလမ်းကြောင်းများကို ရှာဖွေခြင်းနှင့် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုအခြေအနေများ အပါအဝင် အစိုးရ၏ စီးပွားရေးတည်ငြိမ်ရေးအစီအစဉ်လမ်းပြမြေပုံအကြောင်း ဆွေးနွေးခဲ့သည်။

ထိရောက်ပြီး အရှိန်ကောင်းသော စီးပွားရေးနာလန်ထူမှုကို အကောင်အထည်ဖော်ရန်နှင့် သွင်းကုန်းဆန်းစစ်ခြင်းနှင့် ဟာဝါလာစီးပွားရေးမှတစ်ဆင့် တရားမဝင်ငွေကြေးစီးဆင်းမှုကို တားဆီးခြင်းကဲ့သို့သော ခက်ခဲသော အဆင့်များကို လုပ်ဆောင်ရန် သက်ဆိုင်သူအားလုံး ပါဝင်ရမည်ဟု ကော်မတီက သဘောတူညီခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly