လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် ဒန်နီ အဲလ်ဗက်စ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ စပိန်တရားရုံး အတည်ပြု

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် ဒန်နီ အဲလ်ဗက်စ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ စပိန်တရားရုံး အတည်ပြု
Photo: EPA

ဘရာဇီးလ်နောက်ခံလူဟောင်း ဒန်နီ အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့လက ဘာစီလိုနာနိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စပိန်တရားရုံးတစ်ရုံးက စုံစမ်းစစ်ဆေးမှုတစ်ခု ဖွင့်လိုက်ပါတယ်။

"ဘောလုံးကစားသမားတစ်ဦးနဲ့ဆက်နွှယ်ပြီး အမျိုးသမီးတစ်ဦးထံကနေ တိုင်ကြားမှုကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုလို့ စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုတစ်ခုအတွက် ဘာစီလိုနာတရားရုံးက စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့တယ်"လို့ ကတ်တလိုနီယံ တရားရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ အဲလ်ဗက်စ်ကို အမည်မဖော်ပြပေမယ့်လည်း ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်ကစားသမားဟောင်းဟာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ အကြာင်းအရင်းဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက AFP ကို အတည်ပြုခဲ့ပါတယ်။

ကာတာလန်ရဲတပ်ဖွဲ့က အဲလ်ဗက်စ်ဟာ သူမကို မတော်မလျော်စွာ ထိတွေ့ခဲ့ကြောင်း အမျိုးသမီးတစ်ဦးထံကနေ တိုင်ကြားချက်ကို ဇန်နဝါရီ ၂ ရက်နေ့မှာ လက်ခံရရှိခဲ့တယ်လို့ ကတ်တလန်ရဲတပ်ဖွဲ့က ပြောပါတယ်။

စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီဇင်ဘာ ၃၀ ရက်ကနေ ၃၁ ရက်နေ့အထိ နာမည်ကြီး ဘာစီလိုနာ နိုက်ကလပ်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သူမဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းက သူငယ်ချင်းတွေနဲ့အတူ နိုက်ကလပ်တစ်ခုမှာ ရှိခဲ့စဉ်က သူမရဲ့ ခွင့်ပြုချက်မရှိဘဲ သူမရဲ့ အတွင်းခံဘောင်းဘီအောက်ကို အဲလ်ဗက်စ် လက်တွေက ထိတွေ့နေတာဖြစ်တယ်လို့ အမျိုးသမီးတစ်ဦးကနေ စွပ်စွဲခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၃၉ နှစ်ရှိ အဲလ်ဗက်စ်ဟာ အဲဒီအချိန်က နိုက်ကလပ်မှာ ရှိနေတယ်လို့ အတည်ပြုခဲ့ပေမယ့်လည်း မည်သည့် အမှားအယွင်းမျှ မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အဲဒီအမျိုးသမီးကို အရင်က "မမြင်ဖူးဘူး"လို့ စပိန်ရုပ်သံ Antena 3 ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုခဲ့ပါတယ်။

"ကျနော် အဲဒီ့နေရာမှာ လူတွေအများကြီးနဲ့ ပျော်ပါးနေခဲ့တာပါ။ ကျနော် ကခုန်ရတာ ကြိုက်တာကို လူတိုင်းသိပါတယ်။ ပျော်စရာကောင်းပေမယ့် တခြားသူတွေရဲ့နေရာကိုတော့ မကျူးကျော်ခဲ့ပါဘူး။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အခုအခါ မက္ကဆီကိုကလပ် Pumas UNAM မှာ ကစားနေတဲ့ အဲလ်ဗက်စ်ဟာ ကာတာမှာ ဘရာဇီးလ်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပြီးနောက် အားလပ်ရက်မှာ ဘာစီလိုနာမှာ ရှိနေခဲ့တာပါ။

သူဟာ အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကို ကိုယ်စားပြုတဲ့ အသက်အကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

Ref; AFP/ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required