ဒေသတွင်းတည်ငြိမ်မှုထိန်းသိမ်းရေးအတွက် ဆွေးနွေးပွဲများ ပြန်စရန် တရုတ်ကို ထိုင်ဝမ်သမ္မတ တိုက်တွန်း

By Taipei Times
07 January 2023
ဒေသတွင်းတည်ငြိမ်မှုထိန်းသိမ်းရေးအတွက် ဆွေးနွေးပွဲများ ပြန်စရန် တရုတ်ကို ထိုင်ဝမ်သမ္မတ တိုက်တွန်း

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က ဒေသတွင်းတည်ငြိမ်မှုကို ထိန်းသိမ်းရေးအတွက် ထိုင်ဝမ်နှင့် ဆွေးနွေးပွဲများ ပြန်စရန် ဇန်နဝါရီလ ၁ရက်က နှစ်သစ်ကူး မိန့်ခွန်းပြောဆိုစဉ်အတွင်း တရုတ်ကို တိုက်တွန်းလိုက်သည်။ 

“စစ်ပွဲဆိုတာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ရွေးချယ်စရာ ဘယ်တော့မှ မဟုတ်ခဲ့ပါဘူး” ဟု စိုင်အင်ဝမ်က ပြောကြား ခဲ့သည်။ 
“တွေ့ဆုံဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒေသတွင်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မှ သာ လူများစွာအတွက် လုံခြုံရေးနဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်”
"ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် နှစ်ဖက်စလုံးရဲ့ ဘုံတာဝန်က ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ပါပဲ" ဟု သူမက ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါတည်ငြိမ်သွားချိန်တွင် ထိုင်ဝမ်ရေလက်ကြားနှစ်ဖက် အကြား ပုံမှန်ဖလှယ်မှုများ ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ထိုင်ဝမ်အကြောင်းကို အနည်းငယ်သာ ရည်ညွှန်းခဲ့ပြီး ရေလက်ကြား နှစ်ဖက်စလုံးရှိ ပြည်သူများသည် “တစ်အူထုံ့ဆင်းမိသားစုဝင်များ” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရှီက ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးနှင့် ပတ်သက်၍ လေသံပျော့ပျောင်းနေကြောင်း ပြည်တွင်းမီဒီယာ အချို့က ထင်ကြေးပေးခဲ့ကြသော်လည်း ဒီဇင်ဘာ ၃၁ ရက် မိန့်ခွန်းတွင် ရေလက်ကြားဖြတ်ကျော် ပေါင်းစည်းရေးကို အထူးတလည် မပြောကြားခဲ့ပေ။
ရှီ၏ မိန့်ခွန်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် စိုင်အင်ဝမ်က ရှီသည် ရေလက်ကြားဖြတ် ကျော်ဆက်ဆံရေးနှင့် ပတ်သက်၍ ညွှန်းဆိုရာတွင် လေသံပိုပျော့လာကြောင်း ပြောကြားခဲ့သည်။
“ဒါပေမယ့် လူတွေကို သတိပေးချင်တာက ထိုင်ဝမ်အနီးမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေက ရေလက် ကြားဖြတ်ကျော်ဆက်ဆံရေးနဲ့ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် လုံးဝကို အထောက်အကူမပြုပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly