အသက်ကယ်ဆေးဝါးများ ပြတ်လပ်နေသဖြင့် ဆန္ဒ ပြမည်ဟု ပါကစ္စတန်ဆေးကုမ္ပဏီများ ခြိမ်းခြောက်

By ANI
06 January 2023
အသက်ကယ်ဆေးဝါးများ ပြတ်လပ်နေသဖြင့် ဆန္ဒ ပြမည်ဟု ပါကစ္စတန်ဆေးကုမ္ပဏီများ ခြိမ်းခြောက်

ပါကစ္စတန်တွင် အသက်ကယ်ဆေးဝါးများ ပြတ်လပ်နေချိန်၌  ဆေးဝါးကုမ္ပဏီများက အဆိုပါ ပြဿနာကို ဖြေရှင်းရေးအတွက်   အစိုးရအား ဖိအားပေးရန်   ဇန်နဝါရီလ ၅ ရက်တွင် ဆန္ဒပြပွဲများ စတင်ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ARY သတင်းတွင် ဖော်ပြထားသည်။

ဆီးချိုဝေဒနာရှင်များအတွက် အင်ဆူလင်နှင့် ကျောက်ကပ်နှင့် နှလုံးရောဂါဝေဒနာရှင်များအတွက် ‌ဆေးဝါးများ သည် စျေးကွက်တွင် မရနိုင်တော့ဟု ဆိုသည်။ 
ပါကစ္စတန်ဆေးဝါးဆိုင်ရာရှေ့နေများကုမ္ပဏီ ဥက္ကဌ နောမီဟာက ဆေးဘက်ဆိုင်ရာ ကုန်စည်အသစ်များသည် ကရာချိ ဆိပ်ကမ်း၊ လာဟိုးကုန်းတွင်းဆိပ်ကမ်းနှင့် နိုင်ငံတွင်းရှိ အခြားဆိပ်ကမ်းများသို့ ရောက်ရှိနေသော်လည်း အာဏာပိုင်များက ကုန်စည်ထုတ်ယူခွင့်မပေးကြောင်း မီဒီယာများသို့ ပြောပြခဲ့သည်။
ပါကစ္စတန်နိုင်ငံအတွက် ဆေးဝါးကုန်ကြမ်း ၉၁ ရာခိုင်နှုန်းခန့် တင်သွင်းနေရကြောင်းနှင့်  အာဏာပိုင်များက ဆေးဝါးလုပ်ငန်းမှ ဝန်ထမ်းများအား လမ်းပေါ်ထွက် ဆန္ဒပြသည့်အဖြစ်သို့ရောက်အောင်  လုပ်ဆောင်နေကြောင်း မီဟာက ARY သတင်းဌာနသို့ ပြောသည်။
ပါကစ္စတန်နိုင်ငံတွင် ‌ဆေးဝါးများ ပြတ်လပ်ခြင်းသည် နိုင်ငံ၏ အဓိက ပြဿနာဖြစ်လာသည်။
လက်ရှိအချိန်တွင် ပြည်တွင်းဆေးဝါးကုမ္ပဏီများသည် မှောင်ခိုဈေးကွက်တွင် လှုပ်ရှားနေကြသလို နိုင်ငံခြားကုမ္ပဏီများကလည်း ၎င်းတို့ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ရရှိမှုနည်းပါးသဖြင့် ပါကစ္စတန်မှ လုပ်ငန်းများကို ရုပ်သိမ်းသွားကြသည်ဟု Daily Express က ဖော်ပြသည်။
ဆေးဝါးစျေးနှုန်းနှင့် အရည်အသွေးစောင့်ကြည့်ရေးအေဂျင်စီ (DRAP) အနေဖြင့် ဈေးနှုန်းတိုးမြှင့်ခြင်းမရှိဘဲ ဆေးဝါးများအရည်အသွေးကို ပြည့်မီစေရန်နှင့် အတုအပနှင့် စံချိန်မမီသောဆေးဝါးများ မှောင်ခိုရောင်းချမှုကို ရပ်တန့်ရန် အလေးထားလုပ်ဆောင်သင့်ကြောင်း Daily Express က အကြံပြုထားသည်။
ထို့ပြင် ပါကစ္စတန်ရှိ ဆေးဝါးကုမ္ပဏီများမှ သွင်းကုန်ငွေလွှဲစာတမ်း (LC)  များကို မဖွင့်လှစ်ပေးခြင်းသည် ဆေးဝါးထုတ်လုပ်မှုရပ်တန့်မှုအပေါ် စိုးရိမ်မှုများကို ပိုမိုမြင့်တက်လာစေကြောင်း Nawai Waqt သတင်းစာတွင် ဖော်ပြထားသည်။
ပါကစ္စတန်ဘဏ်များသည် ဒေါ်လာမရရှိနိုင်ခြင်းကြောင့် LC  ဖွင့်ပေးရန် ငြင်းဆိုထားပြီး တရုတ်၊ အိန္ဒိယ၊ အမေရိကန်နှင့် အနောက်ဥရောပတို့မှ အမှာစာများကိုလည်း ရပ်တန့်ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly