ဂွါဒါဆန္ဒပြမှုများ အရှိန်မြင့်လာစဉ် ဖမ်းဆီးခံထားရသူ ၁၀၀ ကျော် အထိရှိလာ

By  Always First
06 January 2023
ဂွါဒါဆန္ဒပြမှုများ အရှိန်မြင့်လာစဉ် ဖမ်းဆီးခံထားရသူ ၁၀၀ ကျော် အထိရှိလာ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်အစိုးရသည် ဆန္ဒပြသူများကို အင်အားသုံးနှိမ်နင်းကာ လူ ၅ ဦး အထက်စုဝေးခြင်းကိုတားမြစ်သည့် အရေးပေါ်ဥပဒေကို ပြဋ္ဌာန်းထားသလို  ဂွါဒါဆိပ်ကမ်းမြို့မှ လူပေါင်း ၁၀၀ ခန့်ကိုလည်း ဖမ်းဆီးထားသည်။

ခရိုင်အစိုးရက ဂွါဒါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ၁ ရက်အကြာတွင် ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။
“ဂွါဒါဆိပ်ကမ်းမြို့မှာ လူစုလူဝေးလုပ်တာတွေ ဆန္ဒပြတာတွေ ထိုင်သပိတ်ဆင်နွှဲတာတွေနဲ့ လူ ၅ ဦးအထက်စုဝေးတာတွေကို တားမြစ်သွားမှာပါ” ဟု ဘာလိုချီစတန် ပြည်ထဲရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားသော်လည်း အလုပ်သမားများနှင့် မူလာနာရာမန်   ဦးဆောင်သော အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (HDT) ထောက်ခံသူများသည် လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသူများနှင့် တက်ကြွလှုပ်ရှားသူများအားလုံးကို လွှတ်ပေးရန် တောင်းဆိုကာ ဆက်လက်ဆန္ဒပြလျက်ရှိသည်။
အခွင့်အရေးလှုပ်ရှားမှုအဖွဲ့(HDT) ထောက်ခံသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများ ထိပ်တိုက်တွေ့ပြီးနောက် ပါကစ္စတန်၏ ဆိပ်ကမ်းမြို့ ဂွါဒါတွင် ဆန္ဒပြမှုများနှင့်အတူ အခြေအနေ တင်းမာနေဆဲဖြစ်သည်။
ပြည်နယ်အစိုးရက ပုံမှန်အခြေအနေ ပြန်ဖြစ်ရေးနှင့် အစိုးရနှင့် HDT အကြား အငြင်းအခုံ ဖြစ်စေသည့် ပြဿနာများကို ဖြေရှင်းရေးအတွက် Jamaat-i-I- Islami နိုင်ငံရေးပါတီခေါင်းဆောင် လီကွက်ဘလို့ချ်အား ဆက်သွယ်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Dawn သတင်းစာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly