ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာမှ ဒေသခံ ၉ ဦးအသတ်ခံရပြီး ၁၀ ဦးကျော် ပျောက်ဆုံးနေ

By MTO(မဇ္ဈိမ)
05 January 2023
ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာမှ ဒေသခံ ၉ ဦးအသတ်ခံရပြီး ၁၀ ဦးကျော် ပျောက်ဆုံးနေ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်း က စစ်ကောင်စီတပ်များစစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံ ၂၀ ကျော်ကိုဖမ်ဆီးပြီးနောက် ကိုးဦးကို သတ်ဖြတ်ခဲ့ကာ ကျန်ပြည်သူများ၏အခြေအနေကိုမသိရသေးဘဲပျောက်ဆုံးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလယ်လျှိုကျေးရွာအတွင်း၌ ဒေသခံကိုးဦးရုပ်လောင်းများကိုတွေရှိခဲ့ပြီး အခြားအတည်ပြု၍မရသည့် မီးရှို့ခံထားရသော အရိုးစုအစအနများကိုလည်တွေ့ ရှိခဲ့ကြောင်း ဆိုသည်။

“ဖမ်းခံထားရတဲ့ ၂၀ ကျော်ထဲက ကိုးယောက်ကတော့ ရုပ်အလောင်းတွေတွေ့လို့ သတ်ဖြတ်ခံလိုက်ရ တယ်ဆိုတာ အတည်ပြုလို့ရတယ်။ ကျန်တဲ့သူတွေက ဖမ်းဆီးခေါ်ဆောင်သွားလား မီးရှို့သတ်ဖြတ်ခံရတဲ့ အထဲပါသွားလား အတည်ပြုလို့မရသေးဘူး” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အလယ်လျှိုကျေးရွာကိုဝင်ရောက်ပြီးနောက် ရွာ အတွင်းမှ စစ်တပ်ထောက်ခံသူများနှင့်ပူးပေါင်းကာ ပြည်သူများကိုနေအိမ်များသို့ပြန်လာရန်နှင့် ပြန်မလာ ပါက နေအိမ်များကို မီးရှို မည်ဟု ခြိမ်းခြောက်မှုများပြုလုပ်ပြီးနောက် နေအိမ် ၁၀၀ နီးပါးကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် မူလက အလယ်လျှို ကျေးရွာတွင် အမြဲတမ်းတပ်စွဲ အထိုင်ချရန်ရည်ရွယ်ခဲ့ပြီး နောက် ငါးရက်ကြာတပ်စွဲ နေထိုင်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် အလယ်လျှိုကျေးရွာမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

“မီးစရှို့တာ ဇန်နဝါရီ ၁ ရက်နေ့က၊ အဲဒီညမှ မြို့နယ်ပကဖတပ်ရင်းတွေနဲ့ အခြားနယ်က မဟာမိတ်တွေ ပေါင်းပြီး ကျေးရွာအတွင်းထဲထိ ဝင်ပြီးပစ်ခတ်ခဲ့ကြတယ်။ သူတို့ဘက်က အထိအခိုက်ရှိခဲ့တယ်။ ကိုယ့် ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု khin U special force organization က တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလယ်လျှိုကျေးရွာမှထွက်ခွာသွားသည့် စစ်ကောင်စီတပ်များသည့် ရွှေဘိုဘက်သို့ ရွှေဘို-မြစ်ကြီးနား လမ်းအတိုင်း ပြန်လည်ထွက်သွားပြီးနောက် လမ်းတစ်လျှောက် ကင်းပုန်းများချထားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကင်းပုန်းများ၏ပစ်ခတ်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ပြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကို အသုံးမပြုကြရန် ဒေသတွင်းအဖွဲ့အစည်းများက ကြေညာထားသည်။

 

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly