မြစ်သားတွင် စစ်ကောင်စီခန့် အုပ်ကြီးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

By 007 (မဇ္စျိမ)
04 January 2023
မြစ်သားတွင် စစ်ကောင်စီခန့် အုပ်ကြီးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

(မဇ္စျိမ)။  ။မန္တလေးတိုင်း၊ မြစ်သားမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သေနတ် ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“ဒါးရဲကောင်းရွာက စကစအုပ်ကြီးနဲ့ ရာအိမ်မှူးကို အုပ်ကြီးအိမ်ဝိုင်းထဲမှာတင် သတ်သွားတာပါ။ ရာအိမ် မှူးကို လူလေးယောက်က အုပ်ကြီးအိမ်လိုက်ပြခိုင်းပြီး ဟိုရောက်တော့ နှစ်ယောက်စလုံးကို သေနတ်နဲ့ ပစ်သတ်သွားတာ ပွဲချင်းပြီးပဲ” ဟု မြစ်သားမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူနှစ်ဦးလုံးသည် မြစ်သားမြို့နယ် ဒါးရဲကောင်းကျေးရွာမှဖြစ်ပြီး၊ ကျေးရွာအုပ် ချုပ်ရေးမှူး ဦးသောင်းမြင့်(အသက် ၆၂ နှစ်)နှင့် ရာအိမ်မှူး ချစ်ကိုကိုညိမ်း(အသက် ၃၈ နှစ်)တို့ ဖြစ် ကြောင်းသိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်နှစ်စီးနှင့်လူလေးဦး ဒါးရဲကောင်းကျေးရွာသို့ရောက်လာပြီး ရာအိမ်မှူးချစ်ကိုကိုညိမ်းအား အုပ်ချုပ်ရေးမှူးအိမ်သို့ လိုက်ပို့ခိုင်းကြောင်း၊ အုပ်ချုပ်ရေးမှူးအိမ်အရောက် တွင် နှစ်ဦးစလုံးအား သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

“မျက်နှာတွေကိုချည်း တေ့ပစ်သွားတာ၊ နဖူးမှာကျည်ဆန်ရာတစ်ချက်စီနဲ့ နှစ်ယောက်စလုံး ပွဲချင်းပြီးပဲ။ သေနတ်သမားတွေက တခြားတော့ အန္တရာယ်ပြုသွားတာမရှိပါဘူး ပစ်ပြီးပြေးတာပဲ” ဟု ဒေသခံတစ်ဦး ကဆိုသည်။

ယခုဖြစ်စဉ်အား မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မှ ဒါးရဲကောင်းကျေးရွာသည် စစ်ကောင်စီဆန့်ကျင် ကြောင်း တစ်နိုင်ငံလုံးသံပုံးတီးဆန္ဒထုတ်ဖော်စဉ်ကာလက စစ်ကောင်စီတပ်၏ရမ်းကားစွာပစ်ခတ်မှုခံခဲ့ရ ပြီး ထို့နောက်တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်း၏ အနိုင်ကျင့်ဗိုလ်ကျခံနေရကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required