ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ကားကို ရေး ဘီလူးအဖွဲ့ ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦးသေ

27 December 2022
ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ကားကို ရေး ဘီလူးအဖွဲ့ ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦးသေ

ဒီဇင်ဘာလ ၂၇ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျောင်းရွာ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၁၇ မိနစ် အချိန်တွင် ရွာထဲသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ကားကို ရေးဘီလူးအဖွဲ့က ကြားဖြတ် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ရေးဘီလူးအဖွဲ့၏ တာဝန်ရှိသူထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကားသည် ရေးမြို့နယ် ကျောင်းရွာကို မကြာခဏ လာရောက်လေ့ရှိသည်ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရေးဘီလူးအဖွဲ့ ပြောရေးဆိုခွင့် တာဝန်ရှိသူက“ကျွန်တော်တို့ အခုမစ်ရှင်မှာ ကားတစ်စီးလုံးကို မှောက်သွားအောင် တိုက်ခိုက်ပစ်ခတ်ဖို့ စီစဉ် ဆွဲထားပေမယ့် ကားဒရိုင်ဘာက မောင်းပြေးတာ မြန်သွားလို့ ကျွန်တော်တို့ လက်နက်တွေ လုယူဖို့ မမိလိုက်ဘူး ဖြစ်သွားတယ်”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ ကား‌ေခါင်းထဲတွင် ယာဉ်မောင်း အပါအဝင် သုံးဦး၊ နောက်ဘက်တွင် နှစ်ဦး စုစုပေါင်း စစ်ကောင်စီ ငါးဦးပါရှိ‌ေကြာင်း သိရသည်။

“ဒီနေ့ မစ်ရှင်မှာ ကျွန်တော်တို့က ခွေး(စစ်ကောင်စီတပ်သား)နှစ်ကောင် သေအောင် ပစ်ခတ်နိုင်ခဲ့တယ်။ လက်နက်တွေတော့ မရလိုက်ဘူး ဖြစ်သွားတယ်”ဟု ၎င်းက ထပ်လောင်း ပြောသည်။

ယခု ရေးဘီလူးအဖွဲ့က ပစ်ခတ်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့၏ ကားသည် ရေးမြို့နယ် အခြေစိုက် တပ်ရင်း (၅၉၁) ဖြစ်ကြောင်း သိရ သည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly