ချင်းတွင်းမြစ်အတွင်း သောင်တင်နေသည့် စစ်ကောင်စီတပ် သင်္ဘောများကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

27 December 2022
ချင်းတွင်းမြစ်အတွင်း သောင်တင်နေသည့် စစ်ကောင်စီတပ် သင်္ဘောများကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

ဒီဇင်ဘာလ ၂၇ ရက်

စစ်ကိုင်းတိုင်း ၊ ချင်းတွင်းမြစ်အတွင်း သောင်တင်နေသော စစ်ကောင်စီတပ်ဖွဲ့၏ သင်္ဘောလေးစီးကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးများနိုင်ကြောင်း မုံရွာခရိုင်ပြည်သူကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force) က ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ အင်အား ၁၀၀ကျော်ခန့်ပါသော သင်္ဘောလေးစီးကို ဒီဇင်ဘာလ ၂၄ရက် နံနက် ၁၀နာရီ ၃၀မိနစ်နှင့် ၂၅ရက် နံနက် ၁၀နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသင်္ဘောများမှာ ဟုမ္မလင်းဘက်သို့ ရိက္ခာပို့ရန် ဆန်တက်လာကြခြင်းဖြစ်ပြီး နတ်ကြီးရွာသောင်ပြင်ပေါ်တွင် သောင်တင်နေလျက်ရှိရာ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်လိုက် ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးများနိုင်ပါတယ် ။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး ၊ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး” ဟု CAF ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄) တပ်ခွဲ (၃) Monywa NightKing PDF နှင့်အတူ Kani Ice နှင့်အရှေ့ဝါးတန်းရွာ (ပကဖ ) (ပအဖ) များ ဒေသခံအဖွဲ့အစည်းများပူးပေါင်းခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးငယ်များဖြင့် ပြန်လှန်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိကြောင်း ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲ့များမှာ လက်လုပ်လက်နက်များဖြင့် တိုက်ခိုက်နေရခြင်းဖြစ်ပြီး ပစ်ခတ်ခဲ့သော ကျည်အဖူးတစ်ဖူးမှာ စစ်ကောင်စီတပ်များကို ကျော်ပြီး ရွာတစ်ရွာထဲသို့ ကျရောက်ခဲ့ကြောင်း ၊ ပျက်စီးထိခိုက်မှုမရှိသော်လည်း ကျေးရွာရှိပြည်သူများအား တောင်းပန်ကြောင်း ပြန်ကြားရေးတာဝန်ခံပြောဆိုသည်။

မုံရွာခရိုင်ပြည်သူကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) ၊ တပ်ရင်း (၃) ၊ တပ်ရင်း (၄) တပ်ရင်း တပ်ခွဲ တပ်ဖွဲ့များသည် စစ်ကောင်စီကို ထိုးစစ် တိုက်နေသဖြင့် အရေးပေါ်လက်နက်ခဲယမ်းများ လိုအပ်နေကြောင်းအသိပေး ထားသည်။

ဒီဇင်ဘာလ ၂၄ရက်နေ့ကလည်း မုံရွာမြို့နယ် မုံရွာ-မန္တလေးလမ်းမပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင်တွင် ဘန်ကာဆောင်လုပ်ပြီးခြေကုပ်ယူရန်ဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို (Chindwin Attack Force) တပ်ရင်း (၄) Monywa The Boy အထူးကွန်မန်ဒိုတပ်ဖွဲ့နှင့်အတူ မဟာမိတ်များပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly