အမြင့်ရဲစခန်း သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ ရေယာဉ် ၂ စီး တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်မှ လေကြောင်းသုံး၍ ပြန်လည်တိုက်ခိုက်

25 December 2022
အမြင့်ရဲစခန်း သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ ရေယာဉ် ၂ စီး တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်မှ လေကြောင်းသုံး၍ ပြန်လည်တိုက်ခိုက်

ဒီဇင်ဘာလ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံ-မင်းဒေါင့်ဆိပ်ကမ်းမှချင်းတွင်းမြစ်ကြောင်းအတိုင်း အမြင့်ရဲစခန်း သို့အင်အားဖြည့်တင်းရန်ထွက်ခွာလာသည့် စစ်ကောင်စီရေယာဉ်နှစ်စီးကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီဇင်ဘာလ ၂၄ ရက်နေ့  နံနက် ၁၀ နာရီ နှင့်  မွန်းလွဲ ၂ နာရီခွဲခန့်တို့တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း Aung San Force တပ်ဖွဲ့ သတင်း နှင့်ပြန်ကြားရေးကပြောသည်။

“ခန့်မှန်းအင်အား ၇၀ ခန့်ပါတဲ့ စစ်ကောင်စီရေယာဉ်နှစ်စီးကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့က ရှေ့ထွက်လက်နက်ကြီးတွေနဲ့ အဓိကထားပြီးတိုက် ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုရှိနိုင်ပေမဲ့ အတည်ပြုလို့တော့ မရသေးပါဘူး။ ကျနော်တို့ ရဲဘော်တွေဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးဟု” ၎င်းက ဆိုသည်။

အထိအခိုက်ရှိခဲ့သည့် စစ်ကောင်စီတပ်က မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် Mi-35 ရဟတ်ယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်အား စက်သေနတ်၊ rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲကို Aung San Force ၊ CKDF ၊ SGF ၊ Black Wolf Defense Force-Monywa တို့မှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly