တရုတ်နိုင်ငံ ချင့်ဒေါင်မြို့တွင် တစ်နေ့အတွင်း ကိုဗစ်ကူးစက်သူ ၅ သိန်းခန့်ရှိဟု ကျန်းမာရေးအကြီးအကဲပြော

တရုတ်နိုင်ငံ ချင့်ဒေါင်မြို့တွင် တစ်နေ့အတွင်း ကိုဗစ်ကူးစက်သူ ၅ သိန်းခန့်ရှိဟု ကျန်းမာရေးအကြီးအကဲပြော

တရုတ်အစိုးရက ကိုဗစ်-၁၉ ကူးစက်မှုတွင် တရားဝင်ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများနှင့် မကိုက်ညီဘဲ မြို့ကြီး တစ်မြို့တည်း၌ပင် တစ်နေ့အတွင်း ရောဂါစစ်ဆေးတွေ့ရှိသူ ၅ သိန်းခန့်ရှိခဲ့ကြောင်း ကျန်းမာရေး အကြီးအကဲတစ်ဦးက ရှားရှားပါးပါး ဝန်ခံခဲ့သည်။

နိုင်ငံအရှေ့ပိုင်းရှိ ချင့်ဒေါင်မြို့တွင် ၁ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၄၉၀ ၀၀၀ နှင့် ၅၃၀ ၀၀၀ ကြားတွေ့ရကြောင်း မြူနီစီပယ်ကျန်းမာရေးအကြီးအကဲပြောကြားချက်ကို မြို့တော်ရှိ အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ထုတ်သည့် သတင်းတွင် ဖော်ပြထားသည်။

လူဦးရေ ၁၀ သန်းခန့်ရှိသော ချင့်ဒေါင်မြို့သည် ကူးစက်မှုအမြင့်ဆုံးမရောက်မီ အလျင်အမြန်ကူးစက်ခံနေရသည့် အခြေအနေတွင် ရှိနေကြောင်းနှင့် ကူးစက်မှုနှုန်းသည် သီတင်းပတ်အကုန်တွင် နောက်ထပ် ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးအကြီးအကဲ ပေါင်တောင်က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောသည်။

တရုတ်ကျန်းမာရေးကော်မရှင်က ဒီဇင်ဘာ ၂၃ ရက်တွင် တစ်နိုင်ငံလုံး၌ ကိုဗစ်ကူးစက်ခံရသူ ၄၁၀၃ ဦးရှိပြီး သေဆုံးသူမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ချင့်ဒေါင်မြို့တည်ရှိရာ ရှန်တုန်းပြည်နယ်တွင် ပြည်တွင်းကူးစက်သူ ၃၁ ဦးသာရှိကြောင်း အာဏာပိုင်များက တရားဝင်ထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရသည် နိုင်ငံရေးအရာအရေးပါသော အကြောင်းအရာများကို ဖြုတ်ချမည့် အွန်လိုင်းဆင်ဆာအဖွဲ့များ အရန်သင့်ထားကာ နိုင်ငံ၏မီဒီယာအပေါ် တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသည်။

တချို့ သတင်းဌာနများက တင်းကျပ်မှုများအောက်တွင် ဆေးဝါးနှင့် ဆေးရုံမလုံလောက်ကြောင်း အရိပ်အမြွက်ဖော်ပြခဲ့ကြသော်လည်း အမှန်တကယ်ကူးစက်မှုကို ခန့်မှန်းမှုမှာ ရှာပါးဆဲဖြစ်သည်။

အရှေ့ပိုင်းကျန်းရှီပြည်နယ်အစိုးရက မတ်လတွင် ပြည်နယ်လူဦးရေ ၃၆ သန်း၏ ၈၀ ရာခိုင်နှုန်းခန့်သည် ရောဂါကူးစက်ခံထားရနိုင်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required