ဒုရဲတပ်ကြပ်ကို ကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေးနေစဉ် ခုခံထွက်ပြေးသဖြင့် ပစ်သတ်

24 December 2022
ဒုရဲတပ်ကြပ်ကို ကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေးနေစဉ် ခုခံထွက်ပြေးသဖြင့် ပစ်သတ်

ဒီဇင်ဘာလ ၂၄ ရက်

 မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ခွင့်ဖြင့် ပြန်လာသည့် ဒုရဲတပ်ကြပ်ကို ဖမ်းဆီးပြီး စစ်ဆေးမှု လုပ်ဆောင်စဉ် ခုခံထွက်ပြေးခြင်းကြောင့် ပစ်ခတ်လိုက်ရာ သေဆုံးသွားကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

ပစ်ခတ်ရှင်းလင်းခံလိုက်ရသူသည် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ကိုယ်ပိုင်အမှတ် လ/၂၇၆၂၀၇ ဖြင့် ဒုတပ်ကြပ် ဆန်းမင်းဇော် ဆိုသူ ဖြစ်သည်။

၎င်းသည် သပိတ်ကျင်းမြို့နယ် တကောင်းနီကယ်စက်ရုံတွင် လုံခြုံရေးတာဝန်ကျနေခြင်း ဖြစ်ပြီး မိသားစုထံသို့ ခွင့်ဖြင့်ပြန်လာစဉ် ဒီဇင်ဘာလ ၂၂ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က သပိတ်ကျင်းမြို့နယ်အပိုင် နေရာတစ်ခုတွင် ရပ်ကျေးကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဖမ်းဆီးပြီးတဲ့အချိန်မှာ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ အဲ့အချ်ိန်မှာသူက သူတာဝန်ထမ်းနေတဲ့နေရာမှာ စစ်တပ်ရဲ့ လုံခြုံရေးယူပေးနေတဲ့ အခြေအနေတွေကို ဖြေကြားသွားတယ်” ဟု တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက မဇ္စျိမကို ပြောသည်။

ရဲဒုတပ်ကြပ် ဆန်းမင်းဇော်ဆိုသူသည် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့တွင် လေးနှစ်နီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံ ဖြေကြားခဲ့သည်။

ထိုသို့ ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ယင်းနေ့ ညပိုင်းအချိန်တွင် အဆိုပါ ရဲဒုတပ်ကြပ်သည် ကာကွယ်ရေးရဲဘော်များကို ခုခံကာ ထွက်ပြေးရန် လုပ်ဆောင်သဖြင့် ပစ်ခတ်ခဲ့ရကြောင်း TBK တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“သူ့ကို ဖမ်းပြီး စစ်ဆေးမေးမြန်းပြီးတဲ့နောက် ညပိုင်းလောက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကြိုးတွေပါ ဖြည်ပြီး ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သပိတ်ကျင်းမြို့နယ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ ပြည်သူများကို ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ စစ်‌ကောင်စီအား သတင်းပေးနေသူများအနေဖြင့် အချိန်မီ နုတ်ထွက်ကြရန်နှင့် မလိုက်နာပါက ပြင်းပြင်း ထန်ထန် အရေးယူ သွားမည်ဖြစ်ကြောင်းလည်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly