မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ သေဆုံး ဒဏ်ရာရမှုရှိ

24 December 2022
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ သေဆုံး ဒဏ်ရာရမှုရှိ

ဒီဇင်ဘာလ ၂၄ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ် ဖောင်းကွဲရွာအနီးတွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ဒရုန်းဖြင့်အီနာဂါဗုံးချ တိုက်ခိုက်လိုက်ရာ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်လက်ယာ ကပြောသည်။

“သူတို့(စစ်ကောင်စီတပ်သား) တစ်ယောက်သေတယ်။ လေးယောက် ဒဏ်ရာရတယ်ဆိုတာတော့ သိရတယ်။ စစ်ကြောင်းပေါ်ကို လိုက်ပြီးချတာ၊ ဒီကောင်တွေက ရွာတွေကို ဝင်တော့ ရွာထဲက လူတွေကလည်း ပျက်ပျက်စီးစီး ချပါဆိုတော့ ရွာထဲထိ လိုက်ချတာ” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဖောင်းကွဲကျေးရွာမှ ထွက်ခွာလာပြီးနောက် တောင်ရွာသို့ ဝင်ရောက်ကာ ရွာကိုမီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် တောင်ရွာကိုမီးရှို့ ပြီးနောက် တောင်ရွာကပြန်လည်ထွက်ခွာသွားပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဗိုလ်လက်ယာက ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုအချိန်အထိ မြိုင်မြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့များကလည်း စစ်ကြောင်း တစ်လျှောက်လိုက်လံ တိုက်ခိုက်လျက်ရှိကြောင်း ဆိုသည်။

တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Pakokku Thurein၊ MRTF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်က

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly