ကင်ဆာရောဂါ ပိုဆိုးလာတာကြောင့် ပီလီ ဆေးရုံမှာ ခရစ္စမတ်ကို ဖြတ်သန်းရမည်

ကင်ဆာရောဂါ ပိုဆိုးလာတာကြောင့် ပီလီ ဆေးရုံမှာ ခရစ္စမတ်ကို ဖြတ်သန်းရမည်
Photo: EPA

ကြီးကျယ်ခမ်းနားတဲ့ ဘရာဇီးလ်ဘောလုံးသမားကြီး ပီလီဟာ ပိုဆိုးလာတဲ့ ကင်ဆာအပြင် ကျောက်ကပ်နဲ့ နှလုံးပြဿနာတွေအတွက် ကုသမှုကို ခံယူနေရတာကြောင့် သူဟာ ဆေးရုံမှာ ခရစ္စမတ်ကာလကို ဖြတ်သန်းရမှာဖြစ်တယ်လို့ သူ့ရဲ့ဆေးအဖွဲ့နဲ့ မိသားစုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ "ကျောက်ကပ်နဲ့ နှလုံးဆိုင်ရာ မူမမှန်မှုတွေနဲ့ ပတ်သက်လို့ ပိုမို ဂရုတစိုက်စောင့်ရှောက်မှု လိုအပ်တယ်"လို့ ဆော်ပေါ်လိုရှိ အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံက ပြောပါတယ်။

သူ့ရဲ့ ကင်ဆာရောဂါ "တိုးတက်မှု"ကိုလည်း ဖော်ပြခဲ့ပေမယ့် ပီလီဟာ အထူးကြပ်မတ်ဆောင်မှာ ရှိမနေဘူးလို့ ဆိုပါတယ်။

ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် လူအများက သတ်မှတ်ခံထားရတဲ့ ပီလီဟာ ၂၀၂၁၊ စက်တင်ဘာလက အူမကြီးအကျိတ်ကို ခွဲစိတ်ဖယ်ရှားပြီးကတည်းက ခံယူထားတဲ့ သူ့ရဲ့ ဓာတုကုထုံးကုသမှုတွေကို ပြန်လည်အကဲဖြတ်ဖို့အတွက် သူ့ဆေးအဖွဲ့က နိုဝင်ဘာ ၂၉ ရက်မှာ ဆော်ပေါ်လိုမှာ ဆေးရုံတင်ခဲ့ပါတယ်။

ပီလီရဲ့ နာမည်ရင်းဖြစ်တဲ့ အက်ဒ်ဆင် အာရန်တဲစ်ဒို နတ်ဆီမင်တိုဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သူဟာ သေလုမျောပါးဖြစ်မှာကို ကနဦးစိုးရိမ်မှုတွေရှိနေပေမယ့် သူ့ရဲ့သမီးတွေဖြစ်တဲ့ ဖလာဗီးယားနဲ့ ကီလိုင် နက်ဆီမန်တိုတို့က ဒီသတင်းတွေကို အလျင်အမြန်ပဲ ပယ်ချပစ်ကာ သူ နေမကောင်းဘူးလို့ ဆိုပေမယ့် ဘရာဇီးလ်အသင်းကို ကမ္ဘာ့ဖလားရဖို့ သူတို့ကြိုးပမ်းရာမှာ အားပေးနေဆဲဖြစ်တယ်လို့ ယခုလအစောပိုင်းက ပြောဆိုခဲ့ပါတယ်။

သူတို့ဟာ သူတို့အဖေနဲ့အတူ ဆေးရုံမှာ ခရစ္စမတ်ကို ဖြတ်သန်းကြရမယ်လို့ ဗုဒ္ဓဟူးနေ့က Instagram မှာ ပြောခဲ့ပါတယ်။

“နေအိမ်မှာ ခရစ္စမတ်ပွဲ ကျင်းပမယ့် မိသားစုရဲ့ အစီအစဉ်ကို ပယ်ဖျက်ခဲ့တယ်”လို့ သူတို့က ရေးသားခဲ့ပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် အိုင်းစတိုင်းဆေးရုံက ဒီမိသားစုအသစ်ရဲ့ ကျနော်တို့ကို ပေးထားတဲ့ ဂရုစိုက်မှုတွေနဲ့ ဒီမှာနေနေရတာက ကျနော်တို့အတွက် ပိုကောင်းမယ်လို့ ဆရာဝန်တွေနဲ့ ကျနော်တို့ ဆုံးဖြတ်ခဲ့တယ်!!"

ညီအစ်မ နှစ်ယောက်ရဲ့ တွဲရိုက်ထားတဲ့ ပြုံးနေတဲ့ပုံလေးနဲ့အတူ သူတို့က ပီလီရဲ့ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ပျော်ရွှင်စရာ ပွဲတော်ရာသီဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

မောင်နှမတွေက နောက်တစ်ပတ်မှာ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ အသိပေးသွားမယ်လို့ ကတိပေးခဲ့ကြပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly