မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

22 December 2022
မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာလ ၂၂ ရက်

မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ ကန်နီကျေးရွာရှိ ပျူစောထီးစခန်းအား ရော့ကက် (Rocket) များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF)မှ ထုတ်ပြန်သည်။ 

အဆိုပါ ကန်နီရွာမှ ပတ်ဝန်းကျင်ကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်သောကြောင့် ဒီဇင်ဘာ၂၁ရက် နံနက် ၆နာရီ ၁၅မိနစ်မှ စ၍ ရော့ကက် ၁၅လုံးဖြင့် လက်တုံ့ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဆိုသည်။ 

“ကျနော်တို့ ၁၅မိနစ်လောက် ပစ်ခတ်ခဲ့တယ် ၊ သူတို့ဘက်က ကောင်တာ နှစ်ချက် ပြန်လာပြီး လက်နက်ငယ်တွေနဲ့ပြန်ဆွဲတယ်” ဟု MVRF ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူရိန် က မဇ္စျိမ ကိုပြောသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုများကို မသိရှိရသေးဘဲ စုံစမ်းလျက်ရှိကြောင်း ဆိုသည်။ 

ယင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရသော အနီးပတ်ဝန်းကျင်ရှိကျေးရွာများတွင် လတ်တလောအားဖြင့် တိမ်းရှောင်နေရခြင်းမရှိသော်လည်း မထင်ရင်မထင်သလို ပစ်ခတ်သည့်အတွက် သတိထားနေထိုင်နေရပြီး အရေးအကြောင်းရှိပါက ထွက်ပြေး တိမ်းရှောင်ရလေ့ရှိကြောင်း သိရသည်။ 

ကန်နီရွာထဲတွင် စစ်ကောင်စီတပ်သားများ ၂၅ဦးခန့်တပ်စွဲနေထိုင်လေ့ရှိပြီး အမြဲတမ်း စခန်းချထားခြင်းမျိုး မရှိကြောင်း သိရသည်။ 

အဆိုပါရွာထိပ်တွင် စစ်ဆေးရေးဂိတ်ရှိသော်လည်း ပျူစောထီးများသည် ရွာထဲက မထွက်ရဲကြောင်း ဈေးဝယ်ထွက်သည့်အချိန်ပင်လျှင် ကန်နီနှင့် မြိုင်အကြား လုံခြုံရေးအပြည့်ဖြင့် နေရာယူပြီးမှ ထွက်လေ့ရှိကြောင်းဆိုသည်။ 

မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး အနေဖြင့် အရေးတော်ပုံအောင်မြင်သည်အထိ မဆုတ်မနစ်ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ဗိုလ်သူရိန်မှ ပြောကြားခဲ့သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly