ရေစကြိုမြို့နယ်အတွင်း ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး

22 December 2022
ရေစကြိုမြို့နယ်အတွင်း ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး

ဒီဇင်ဘာလ ၂၂ ရက်

မကွေးတိုင်း ၊ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များအကြား လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးခဲ့ကြောင်း ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ သတင်းထုတ်ပြန်သည်။ 

ယမန်နေ့ ဒီဇင်ဘာလ ၂၁ရက် နံနက် ၇နာရီဝန်းကျင်ခန့်အချိန်တွင် ရေစကြိုမြို့နယ် ၊ ထန်းပင်ချောင်းကျေးရွာ နှင့် ရွာသာအေးကျေးရွာများသို့ အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

ဒေသခံမဟာမိတ်တပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ချိန် ၃နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီလက်ပါးစေ(စစ်ကောင်စီတပ်သား) ငါးဦး သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ 

အဆိုပါတိုက်ပွဲကို ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (MRGF) ၊ ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့ - တပ်ခွဲ (၁) နှင့် Underground Defense Force (UURF) ညီနောင် မဟာမိတ်သုံးဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်တစ်ဦး ၆၀မမ လက်နက်ကြီး အစအနကြောင့် ဒဏ်ရာ (မစိုးရိမ်ရ) ထိခိုက်မှုမှအပ ကျန်ရဲဘော်များ ထိခိုက်ကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

“ပခုက္ကူနည်းပညာတက္ကသိုလ်ထဲကနေ စတင်ပြီး စစ်ကြောင်းထိုးလာတာပါ ၊ လမ်းတစ်လျှောက်ကျေးရွာတချို့ မီးရှို့ခံထားရပြီး ပြည်သူ ၂၀ လောက်ကိုလည်း ဓားစားခံအဖြစ် ခေါ်သွားပါတယ်” ဟု MRGF တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ဇက်က မဇ္စျိမ ကိုပြောသည်။ 

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၇ရက်နေ့မှစတင်၍ ပခုက္ကူနည်းပညာတက္ကသိုလ်မှ စစ်ကြောင်းထိုးလာကာ ၁၈ရက်နေ့တွင် သဲတောကျေးရွာသို့ ရောက်ရှိပြီး ပြည်သူများ၏ ပစ္စည်းများကို ဝင်ရောက်မွှေနှောက်လျက်တပ်စွဲထားရာ ဒီဇင်ဘာ၂၀ရက်နေ့အထိ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးခဲ့ပြီး ဒဏ်ရရှိသူများလည်း ရှိကြောင်းဆိုသည်။ 

အဆိုပါတိုက်ပွဲများကို MRGF နှင့်အတူ ရေစကြိုမြို့နယ် ၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့ နယ် PDF များမှ စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် နှစ်ဦး အသက်ပေးလှူခဲ့ရကြောင်း သိရသည်။ 

ယင်းစစ်ကောင်စီတပ်သည် အရှေ့ဘုန်းကံမှစ၍  ကွမ်းစီကန် ၊ ကျောက်ထက် ၊ သဲတော ၊ ထန်းပင်ချောင် ၊ ရွာသာအေး စသည့်ရွာများအား အစဉ်လိုက် ဝင်ရောက်ခဲ့ကာ ဥက္ကံရွာကို ဖြတ်သန်းပြီး ပြည်သူ ၂၀ဦးခန့်ကို လူသားဒိုင်းအဖြစ် ဓားစားခံ ခေါ်ဆောင်သွားခဲ့ကြောင်း ရဲဘော်ဇက်က ဆက်လက်ပြောဆိုသည်။ 

အဆိုပါရွာများမှ ဒေသခံပြည်သူ ၅,၀၀၀ကျော် စစ်ကြောင်းနှင့်ဝေးရာ ရွာများနှင့် တောများထဲတွင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အနွေးထည် စောင်များ လိုအပ်နေကြောင်း သိရသည်။ 

ဒီဇင်ဘာ၂၁ရက်နေ့က စစ်ကောင်စီတပ်များမှ ရွာသာအေး‌ကျေးရွာတွင် ပြည်သူများ၏ နေအိမ် နှစ်အိမ် ၊ ထန်းပင်ချောင်မှ အိမ်ခြေ ၃၀ခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုး မသိရှိရသေးကြောင်း ဆိုသည်။ 

ဒီဇင်ဘာ ၂၂ရက် ယနေ့နံနက် နောက်ဆုံးသိရသော သတင်းများအရ အဆိုပါစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာနေကြောင်း သိရသည်။ 

"မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ နေရာအနှံ့အပြားတွင် စစ်ကြောင်းများထိုးနေပါသောကြောင့် စစ်ကြောင်းသတင်းများကို အမြဲနားစွင့်ကာ ဝေးရာသို့ ရှောင်နေကြပါရန်"ဟု MRGF မှ သတိပေးထားသည်။ 

ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့သည် မြိုင်မြို့တွင် အခြေစိုက်ပြီး မြိုင် ၊ ရေစကြို ၊ ပခုက္ကူမြို့နယ်များတွင်လှုပ်ရှားလျက်ရှိကာ ဖွဲ့စည်းတည်ထောင်ခဲ့သော တစ်နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း ၅၀ခန့်ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးတွင် နောက်ဆုံးကျည်ဆံအထိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ 

စာတည်။  ။ဖူးသိမ်ကျ
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly