PDF Kalay နည်းပညာနှင့် ဒရုန်းတပ်ရင်းမှ ရဲဘော်အသစ်များ ခေါ်ယူ

20 December 2022
PDF Kalay နည်းပညာနှင့် ဒရုန်းတပ်ရင်းမှ ရဲဘော်အသစ်များ ခေါ်ယူ

ဒီဇင်ဘာလ ၂၀ ရက်

နည်းပညာစိတ်ဝင်စားသည့် လူငယ်များအား စစ်ကိုင်းတိုင်း ကလေးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နည်းပညာနှင့်ဒရုန်းတပ်ရင်း၌ တာဝန်ထမ်းဆောင်ရန် ခေါ်ယူလျှက်ရှိကြောင်း သိရသည်။

ကျန်းမာရေးကောင်းမွန်ပြီး အသက် ၁၈ မှ ၃၀ ကြားရှိ နည်းပညာကိုစိတ်ဝင်စားသင်ယူနိုင်စွမ်းရှိသည့် လူငယ်များဖြစ်ရမည်ဖြစ်ပြီး ရဲဘော်အယောက် ၂၀ အထိ ခေါ်ယူမည်ဟု နည်းပညာနှင့်ဒရုန်းတပ်ရင်းက ကြေညာထားသည်။

“လျှောက်ချင်တဲ့သူအတွက်ကတော့ တပ်ရင်းမှ ချမှတ်ထားတဲ့စည်းကမ်းကိုတော့ သေချာပေါက်လိုက်နာနိုင်ရမယ်။ မြို့နယ်အတွင်းကဆိုရင် သင်တန်းကာလ ၁၀ ရက်အတွင်းသေချာစဉ်းစားဆုံးဖြတ်ခွင့်ပေးထားပါတယ်ခင်ဗျ။ အဓိကကတော့ လူမှုရေးပြဿနာ လုံးဝဖြစ်ခွင့်မပြုတာနဲ့ အိမ်ပြန်ခွင့်ရက်မရှိပါဘူးဗျ။” ဟု ကလေးခရိုင်၊ နည်းပညာနှင့်ဒရုန်းတပ်ရင်းမှ ရဲဘော်တစ်ဦးက မဇ္စျိမ ကိုပြောသည်။

NUG - MOD မှ ချမှတ်ထားသော စစ်သည်တော်ကျင့်ဝတ် လက်နက်ကိုင်ဥပဒေကိုလည်းအမြဲလိုက်နာ ကျင့်သုံးနိုင်ဖို့ရန်၊ ဇွဲလုံ့လဝီရိယ ထားပြီး ကြိုးစားလေ့လာသင်ယူရန် နှင့် လိုအပ်သည်မှန်သမျှ မိမိတို့အဖွဲ့ဘက်က အစွမ်းကုန်အတတ်နိုင်ဆုံး အဆုံးစွန်ထိ သင်ကြားပြသ၊ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း နည်းပညာနှင့်ဒရုန်းတပ်ရင်းကဆိုသည်။

လျှောက်ထားလိုသူများ PDF Kalay Technique &Drone တပ်ရင်း၏ Page Messenger သို့ ဆက်သွယ် စုံစမ်းနိုင်ပြီး ကလေးခရိုင်အတွင်းမှ လျှောက်ထားသူများကို ဦးစားပေးခေါ်ယူမည်ဟု သိရသည်။

ပွင့်လင်းကာလတွင် ထိုးစစ်ကောင်းကောင်းဆင်နွှဲနိုင်ရန် ကာကွယ်ရေးလက်နက်နှင့် Drone အကြီးများထပ်တည်ဆောက်ရန် ကျပ် သိန်း၅၀၀ လောက်ထိလိုအပ်နေကြောင်းလည်း အဖွဲ့က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly