ညောင်ပင်ဝန်းရဲစခန်းရှေ့တွင် စစ်ဆေးမှုလုပ်ဆောင်ကာ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ် ပစ်ခတ်ခံရ

ညောင်ပင်ဝန်းရဲစခန်းရှေ့တွင် စစ်ဆေးမှုလုပ်ဆောင်ကာ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ် ပစ်ခတ်ခံရ

ဒီဇင်ဘာလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းရှေ့တွင် စစ်ဆေးမှုလုပ်ဆောင်ကာ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန်(စွန်) ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၇ နာရီ အချိန်တွင် ညောင်ပင်ဝန်းရဲစခန်းရှေ့တွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ရဲစခန်းအပေါက်ဝရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးယောက်လောက်က စခန်းရှေ့က ဖြတ်တဲ့သူတွေကို ငွေတောင်းနေတာပါ။ အဲ့ဒီကောင်တွေကို မြင်ရလောက်တဲ့နေရာအထိ သွားပြီး အနီးကပ်တိုက်ခိုက်တာ ဖြစ်ပါတယ်”ဟု တိုက်နယ်စွန်(စွန်) ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက မဇ္စျိမ ကိုပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စခန်းရှေ့တွင် ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပရိန်ကျည် သုံးလုံး၊ ၄၀ မမ နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ပရိန်ကျည်ဆိုတာက ဖိုတီး (၄၀)နဲ့အတူတူပဲဗျ။ ဒါပေမယ့် ထိခိုက်မှုနဲ့ ပြင်းအားကွာတယ်။ သူ့ကိုထည့်ပစ်ရတဲ့ လက်နက်လည်း သပ်သပ်ရှိတယ်။” ဟု တိုက်စွန်နယ်တပ်ဖွဲ့ တာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် ရုပ်သံဖိုင်ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲစခန်းရှေ့တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းတွင်းသို့ ဝင်ရောက် ထွက်ပြေးမှုများ ရှိခဲ့သည်ကို တွေ့ရသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စခန်းရှေ့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိခိုက်ရှိနိုင်ပြီး အသေးစိတ်ကို မသိရသေးကြောင်း တပ်ဖွဲ့တာဝန်ခံက ဆိုသည်။

ထို့အပြင် ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာအနီးတွင် ပြည်သူများ၏ကားများ ဖြတ်သန်းသွားလာမှုများရှိခြင်းကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း (၃)၊ တပ်ရင်း (၈)၊ တိုက်နယ်စွန် (စွန်) PDF တပ်ဖွဲ့နှင့် မြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စခန်းတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းရှေ့ထွက်လာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နည်းမျိုးစုံဖြင့် မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly