ရန်ကုန်ဆေးရုံကြီး လူနာများပြည့်နေဆဲ၊ အာဆီယံအဆင့်ကိုပင် မမီနိုင်သေး

ရန်ကုန်ဆေးရုံကြီး လူနာများပြည့်နေဆဲ၊ အာဆီယံအဆင့်ကိုပင် မမီနိုင်သေး

မတ်လ ၈ ရက် ။            ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာများပြားသဖြင့် ငါးထပ်ဆောင်ကို တိုးချဲ့တည်ဆောက်ခဲ့သော်လည်း လူနာများ လျှော့နည်းသွားခြင်းမရှိဘဲ ပြည့်နေဆဲဖြစ်သဖြင့် ဆက်လက်အဖြေရှာဆောင်ရွက်ရဦးမည်ဟု ဒုတိယသမ္မတ (၁) ဒေါက်တာ စိုင်းမောက်ခမ်းက ပြောသည်။

ပြည်သူ့ဆေးရုံကြီး ပင်မဆောင်သည် အရည်အသွေး တိုးတက်မှုရှိလာသော်လည်း အဆောက်အဦနှင့် အထောက်အကူပြု စက်ပစ္စည်းအပိုင်း၊ ဝန်ထမ်းများနှင့် ဝန်ဆောင်မှုပေးသည့်အပိုင်းများ၌ လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး၊ နိုင်ငံတကာ အဆင့်နှင့် နှိုင်းယှဉ်လျှင် 'အာဆီယံအဆင့်' ကိုပင် မမီနိုင်သေးကြောင်းလည်း ပြောဆိုသည်။

သမ္မတဦးသိန်းစိန် တက်လာပြီးနောက် ခုတင် ၁၅၀၀ ဆံ့ ဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ မွမ်းမံပြင်ဆင်ရေးကို ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း မိမိတို့ အားလုံး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟု ဒုတိယသမ္မတက မတ်လ ၇ ရက်နေ့ လုပ်ငန်းများ သွားရောက် စစ်ဆေးစဉ် အမှာစကား၌ ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။

ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံပြင်ဆင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ဆပ်ကော်မတီ အဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြသည်။

ဆေးရုံကြီး မွမ်းမံပြုပြင်ရေးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ တိုးချဲ့ ငါးထပ်ဆောင်အပါအဝင် လုပ်ငန်းကြီး (၉) ခုဖြင့် စတင်ဆောင်ရွက်ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်း၌ ဖော်ပြထား သည်။ အဆောင်များပြုပြင်တည်ဆောက် ခြင်း၊ အုတ်တံတိုင်းတည်ဆောက်ခြင်း၊ ကားပါကင်နေရာတည်ဆောက်ခြင်း၊ ရေသန့်လုပ်ငန်းနှင့် လျှပ်စစ်သွယ်တန်းခြင်း စသည်တို့ကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွင်း ပြီးစီးခဲ့သည်ဟု သိရသည်။

ဆေးရုံကြီး ပင်မဆောင်အကြီးစား မွမ်းမံပြင်ဆင်ခြင်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၉၉ ရာခိုင်နှုန်းပြီးစီးသွားပြီဟုလည်း သတင်း၌ ဖော်ပြထားသည်။

ပင်မအလယ်ဆောင်ရှိ Sky Roof မိုးရန် မှန်များမှာယူထားရာ ၂၀၁၆ မတ်လ ၈ ရက်တွင် ရောက်ရှိပြီး မတ်လ ၁၀ ရက်တွင် တပ်ဆင်ပြီးစီးပါက လုပ်ငန်းတစ်ခုလုံး ၏ ၁၀၀ ရာခိုင်နှုန်း ပြီးစီးမည်ဟုဆိုသည်။

ထို့ပြင် ကင်ဆာအတွက် ငါးထပ်လူနာဆောင်တည်ဆောက်နေသည်မှာလည်း ယခုဘဏ္ဍာရေးနှစ်တွင် ၆၀ ရာခိုင်နှုန်း ပြီးစီးရန်လျာထားပြီး ယခုအခါ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဟု သိရသည်။

ယခုဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းထက်ဝက် ပြီးစီးရန် လျာထားသည့် တိုးချဲ့ဝင်းအတွင်းမှ ဝန်ထမ်းအိမ်ရာ ၁၀ ထပ် အဆောက်အအုံ တည်ဆောက်နေမှုသည်လည်း ယခုအခါ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ဖော်ပြထားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကိုလိုနီခေတ် ၁၈၉၉ ခုတွင် ခုတင် ၃၄၂ လုံးဖြင့် စတင်တည်ဆောက်ခဲ့သည်ဟု လေ့လာ သိရှိရသည်။ ၁၉၆၄ ခုတွင် အထူးကုဌာနများပါ ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ခုတင် ၁၅၀၀ ဆေးရုံဖြစ်လာခဲ့သည်။

၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုတွင် ဤဆေးရုံကြီး၌ တပ်မတော်၏ ပစ်ခတ်မှုများ ကြုံခဲ့ဖူးကြောင်း သိရပြီး၊ ၁၉၈၈ ခု သြဂုတ် ၂၄ တွင် ဒေါ်အောင်ဆန်းစုကြည် လူထုအား မိန့်ခွန်းပြောခဲ့သည့်နေရာ လည်းဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခု ဖေဖော်ဝါရီလထဲတွင် ဂျပန်အစိုးရက ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွက် ကုသရေးထောက်ကူပစ္စည်းများအတွက် ဂျပန်ယန်းငွေ ၉၇၈ သန်း ထောက်ပံ့ရန် စီမံ/စီးပွားဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးကြသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly