ပုသိမ် - မုံရွာ ကားလမ်းဘေး စစ်ကြောင်းထိုးနေသဖြင့် လမ်းဘေးကျေးရွာ ၁၃ရွာမှ ပြည်သူ ၁၂,၀၀၀ ကျော် တိမ်းရှောင်နေရ

ပုသိမ် - မုံရွာ ကားလမ်းဘေး စစ်ကြောင်းထိုးနေသဖြင့် လမ်းဘေးကျေးရွာ ၁၃ရွာမှ ပြည်သူ ၁၂,၀၀၀ ကျော် တိမ်းရှောင်နေရ

ဒီဇင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း ၊ မုံရွာ - ပုသိမ် လမ်းမမှာ စစ်ကောင်စီတပ် က စစ်ကြောင်းထိုးနေသောကြောင့် လမ်းဘေးဝဲယာတွင်ရှိသော ကျေးရွာ ၁၃ရွာမှ ပြည်သူ ၁၂,၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်းသိရသည်။

ဒီဇင်ဘာ ၁၄ရက် နံနက် ၂နာရီ ၃၀မိနစ်အချိန်စပြီး စစ်ကောင်စီတပ်များ လှုပ်ရှားလာခဲ့သောကြောင့် ဒေသခံ ပြည်သူများသည် ကား ၊ ဆိုင်ကယ် ၊ ထော်လာဂျီ ၊ နွားလှည်း ၊ စက်ဘီး ၊ ခြေကျင်များဖြင့် နိုင်ရာအထုတ်အပိုးများသယ်ဆောင်ကာ ထွက်ပြေးနေကြရတာဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၂ရက်နေ့မှစ၍ မြန်မာဝမ်ပေါင် ကြေးစင်ထုတ်လုပ်ရေးမှ တရုတ်လူမျိုးများ နှစ်သစ်ကူးပြည်တော်ပြန်ရေး လုံခြုံရေးယူရာမှ ၁၃ရက် နှင့် ၁၄ရက်များတွင် အနီးနားရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်မွှေနှောက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ ၁၂ရက် ၁၂လ နေ့ ကစပြီး မြန်မာဝမ်ပေါင်ကနေပြီးတော့ တရုတ်တွေ နှစ်သစ်ကူး ပြည်တော်ပြန်ရာမှာ လုံခြုံရေးယူရာကနေစပြီးတော့ စစ်ကောင်စီတပ်တွေဟာ လက်ပံတောင် ကြေးစင်တောင် တစ်ဝိုက်မှာ ဒေသခံပြည်သူများရဲ့ ကျေးရွာတွေကို အခုထိ ဝင်ရောက်မွှေနှောက်နေတာဖြစ်ပါတယ်” ဟု ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီမှ ကိုသက်ဦး က မဇ္စျိမကိုပြောသည်။

စစ်ဘေးရှောင် ၁၂,၀၀၀ ခန့်သည် အရေးပေါ် စားဝတ်နေရေးအခက်အခဲများတွေ့ ကြုံနေရပြီး ရာသီဥတုဒဏ်ကြောင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးအခြေအနေများလည်း စိုးရိမ်ရကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိပြီး လေထန်ကုန်း (ဒေသအခေါ် အကျိုးကုန်း) ၊ ဖောင်းကားရွာ ၊ ပုသိမ် - မုံရွာလမ်းဘေးဝဲယာ ၊ ဂုဏ်တော ၊ ဒုန်းတော တို့တွင် ဖြန့်ကြက်တပ်စွဲထားလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးသိရသော သတင်းများအရ ယမားတံတား မြောက်ထိပ်နှင့် တောင်ဘက်ထိပ် ကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက်မွှေ နှောက်လျက်ရှိကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly