မော်စကို၊ မတ် ၈ ။ ။ တောင်ကိုရီးယားနှင့် အမေရိကန်ကို နျူကလီးယားလက်နက်ဖြင့် ကြိုတင်လက်ဦးမှုရယူကာ တိုက်ခိုက်မည်ဆိုသည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများမှာ လုံးဝလက်ခံနိုင်စရာမရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မတ် ၇ က ရှုတ်ချလိုက်သည်။ ထို့အပြင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ကြရန်လည်း ပတ်သက်သည့် နိုင်ငံအားလုံးကို မေတ္တာရပ်ခံလိုက်သည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုမတိုင်မီ နာရီပိုင်းအလို တွေ့ရာကြုံရာတိုက်ခိုက်မည်ဆိုသည့် ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းသို့စစ်ရေးလေ့ကျင့်မှုများကို ပြုံယမ်းက ပြင်းပြင်းထန်ထန်ဆန့်ကျင်လေ့ရှိသည်။ မြောက်ကိုရီးယားက ၎င်း၏ရန်သူများကို ကြိုတင်လက်ဦးမှုယူကာ နျူလက်နက်ဖြင့် တိုက်ခိုက်မည်ဆိုသည့် ခြိမ်းခြောက်သည့် ကြေညာချက်များမှာ လုံးဝလက်ခံနိုင်စရာ မရှိဟု ယူဆကြောင်း ဝန်ကြီးဋ္ဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။
ယင်းသို့ပြုလုပ်ခြင်းဖြင့် မြောက်ကိုရီးယားသည် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျောခိုင်းလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို ဆန့်ကျင်ရာတွင် စစ်အင်အားအသုံးပြုခွင့်ပေးသည့် တရားရေး အခြေခံစနစ်တစ်ခုကို ဖန်တီးနေသည်ဟု ဝန်ကြီးဋ္ဌာနက ဆိုသည်။ လက်နက်ကိုင်ပဋိပက္ခအဆင့်အထိ တိုးမြင့်မသွားရေး သက်ဆိုင်ရာနိုင်ငံအားလုံး သတိဖြင့် ထိန်းသိမ်းကြရန်လည်း ယင်းဋ္ဌာနက တိုက်တွန်းခဲ့သည်။
မကြာသေးခင်က မြောက်ကိုရီးယားက နျူကလီးယားနှင့် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုတို့ကြောင့် ကုလအရေးယူမှုအပေါ်လည်း မြောက်ကိုရီးယားက ဒေါသထွက်နေသည်။
ရုရှားသည် မြောက်ကိုရီးယား၏ စတာလင်ဝါဒီ အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိသည်။ သို့သော်လည်း နျူလက်နက်များ အသင့်ပြင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ပေးထားမှုအပေါ် နက်နက်ရှိုင်းရှိုင်းစိုးရိမ်ကြောင်း ရုရှားက ပြောကြားထားသည်။