ကမ္ဘာ့ရိုက်ချက်၊ စစ်အာဏာရှင်အခက် တရုတ်အချက်

ကမ္ဘာ့ရိုက်ချက်၊ စစ်အာဏာရှင်အခက် တရုတ်အချက်

တရုတ်သည် မြန်မာ့သယံဇာတများကို ဂုတ်သွေးစုပ်ရန် စစ်အုပ်စုအား ကျောထောက်နောက်ခံပြုခြင်းဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအလွန်တွင် နိုင်ငံအား သံတမန်ဆက်ဆံရေးအထီးကျန်မှုကို ခံစားရစေလျက် အမိအရ လွှမ်းမိုးချုပ်ကိုင်ထားသည်။

အရပ်သားအစိုးရဖြုတ်ချခံပြီးနောက် ကမ္ဘာက ဝိုင်းဝန်းသပိတ်မှောက်ခြင်းနှင့် ကသောင်းကနင်း အခြေအနေများ ကြုံနေရသော မြန်မာကို ကာကွယ်ရန် တရုတ်သည် ကယ်တင်ရှင် သူရဲကောင်းဟန်ပန်ဖြင့် ရုတ်တရက် ပေါ်ထွက်လာသည်။ သို့သော် ထိုသို့သော ကယ်တင်ရှင်ပုံစံလုပ်ရပ်သည် အလကား မဟုတ်ပေ။ မျက်နှာပြောင်တိုက်လှသော ကိုလိုနီလက်သစ်ကမ္ဘာမှ ကြိုဆိုလိုက်ခြင်းပင်ဖြစ်သည်။

တရုတ်နိုင်ငံသည် စီးပွားရေးအကျိုးအမြတ်အတွက် မြန်မာ့သဘာဝသယံဇာတများကို မျက်စိကျလျက်ရှိသည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်က စစ်အာဏာရှင် အဆက်ဆက်အား ၎င်းထိန်းချုပ်မှုအောက်သို့ မည်သို့ ထားရှိခဲ့ကြောင်း သမိုင်းက သက်သေပြနေသည်။ အာဏာသိမ်းမှုနှင့် အကျပ်အတည်းများသည် တရုတ်နိုင်ငံအတွက် ထူးခြားသောအခွင့်အလမ်းဖြစ်စေသည်။ သီရိလင်္ကာကို အကြွေးထောင်ချောက်က ဝါးမြိုလိုက်သည့် မကောင်းကျိုးသံသရာဖြစ်ရပ်မှာ သိပ်မကြာသေးပေ။

စစ်တပ်ကအာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများ တစ်မုဟုတ်ချင်း ကြီးထွားစေသည့် ပရမ်းပတာအခြေအနေဖြစ်စေခဲ့သည်။ အလုပ်လက်မဲ့နှုန်း မြင့်မားပြီး နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာသွားမှုနှင့်အတူ အနာပေါ် တုတ်ကျသကဲ့သို့ ဆင်းရဲမွဲတေမှုမှာ အထွဋ်အထိပ်သို့ ရောက်နေသည်။ စစ်ကောင်စီသည် အာဆီယံအဖွဲ့၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သောကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် မရခဲ့ပေ။

စည်းလုံးညီညွတ်မှု ပြယုဂ်

အာဏာသိမ်းစစ်အုပ်စုအား တစ်ကမ္ဘာလုံးက ဝိုင်းဝန်းအပြစ်တင်နေချိန်တွင် တရုတ်နိုင်ငံ၏တရားဝင် သတင်းအေဂျင်စီဖြစ်သော ဆင်ဟွာက အာဏာသိမ်းမှုအား အစိုးရပြင်ဆင်ဖွဲ့စည်းမှုအဖြစ် တံဆိပ်ကပ်ခြင်းဖြင့် မြန်မာ၏အာဏာရှင်အစိုးရကို တရားဝင်စေရန် ပြောဆိုခဲ့သည်။ ၁၉၈၉ ခုနှစ် တီယန်နန်မင်ရင်ပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအား ကြိုးကိုင်မှုနှင့်ပတ်သက်၍ စိတ်ထင့်ခြင်းအလျဉ်းမရှိသော တရုတ်အုပ်ချုပ်မှုသည် အကြွင်းမဲ့အာဏာရှင်စနစ်နှင့် အံဝင်ခွင်ကျပင်ဖြစ်သည်။ စစ်အာဏာရှင်များ၏ ထင်တိုင်းကြဲနိုင်သော ကာလများသည် တရုတ်အတွက် အကျိုးကျေးဇူးများ အစွမ်းကုန်ရယူရန် အဆင်ပြေလှသည်။

မြန်မာစစ်ဗိုလ်ချုပ်များသည် သံတမန်ရေးရာအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် တရုတ်နိုင်ငံနှင့် ဓာတ်ငွေ့၊ သစ်၊ ကျောက်စိမ်းနှင့် ကြေးနီအပါအဝင် သဘာဝသယံဇာတများနှင့် အလဲအလှယ်ပြုလုပ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ရခိုင်ပြည်နယ်ရှိ အထူးစီးပွားရေးဇုန်အတွက် ရေနံမြေနှင့်မြေယာများကို အခမဲ့ရယူခဲ့သည်။

တရုတ်၏ အစီအစဉ်များ အထူးသဖြင့် ပြောဆိုလုပ်ဆောင်မှုများတွင် မသေချာမရေရာမှုများ ပြည့်နှက်နေသည်။ ဖွံ့ဖြိုးတိုးတက်ရေးတမန်တော် တရုတ်သည် နားလှည့်ပါးလှည့်လုပ်ရန် မဖွံ့ဖြိုးသေးသော နိုင်ငံများကို ရွေးချယ်ပြီး နောက်ပိုင်းတွင် သံတမန်ရေးနှင့် စီးပွားရေးလိုက်လျောမှုများ ပေးစေခြင်းဖြင့် ထိုနိုင်ငံများအား ဖိအားပေးသည်။ မြန်မာ့ကိစ္စရပ်တွင်လည်း အမွှန်းတင်လွန်းသော တရုတ်စရိုက်လက္ခဏာ များနှင့် ဆိုရှယ်လစ်ဝါဒသည် ဆိုရှယ်လစ်စရိုက်လက္ခဏာများနှင့် အရင်းရှင်ဝါဒအဖြစ် အဓိပ္ပါယ်ဖော်နိုင်ပြီး အကျိုးအမြတ်ကို ရသလောက်ယူခြင်းသည် လူသားမျိုးနွယ်ကို လုံးဝအလေးမမူကြောင်း ပြသနေသည်။ တရုတ်သည် သူ့အကျိုးတစ်ခုတည်းအတွက် မြန်မာ့အရေးဖြေရှင်းရေးကို ကန့်ကွက်လိမ့်မည်မှာ မလွဲပေ။

တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအတွင်း စီးပွားရေးနှင့် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လာနိုင်စေရန် ရည်ရွယ် ချက်ဖြင့် မြန်မာနိုင်ငံကိုဖြတ်၍ ရည်မှန်းချက်ကြီးလှသော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို ဆက်လက် အကောင်အထည်ဖော်သွားပေလိမ့်မည်။ တရုတ်အနေဖြင့် နယ်နိမိတ်များကို ကွေ့ပတ်မသွားဘဲ အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ်ဒေသ နှစ်ခုစလုံးသို့ရောက်နိုင်ရန် မြန်မာနိုင်ငံမှတစ်ဆင့်သာ သွားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်။ စီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမှ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းအထိ လမ်းများ၊ ရထားလမ်းများနှင့် စီးပွားရေး အထူးဇုန်များ ပါဝင်သော သယ်ယူပို့ဆောင်ရေး စင်္ကြံတစ်ခု တည်ဆောက်ရန် မျှော်မှန်းထားသည်။ ၎င်းတွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျောက်ဖြူရေနက် ဆိပ်ကမ်းပါဝင်ပြီး စစ်အုပ်စုက တရုတ်တို့ကို အကူအညီများစွာ ပံ့ပိုးလျက်ရှိသည်။

အဆိုပါလမ်းကြောင်းသည် လက်ရှိ အမေရိကန်စစ်တပ်လွှမ်းမိုးမှုအောက်တွင်ရှိသော မလက်ကာ ရေလက်ကြားနေရာတွင် အစားထိုးမည်ဖြစ်သည်။ အဆိုပါပင်လယ်လမ်းကြောင်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်းကို နိုင်ငံတွင်းသို့ တင်သွင်းနိုင်ခြင်းကြောင့် တရုတ်နိုင်ငံအတွက် အရေးပါသည်။ ထို့ပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို နောင်တွင် တရုတ်ရေတပ် တပ်စွဲရာနေရာအဖြစ် အဆင့်မြှင့်လာနိုင်သည်။

ကြီးမားသော အကျိုးအမြတ်များ

စီးပွားရေးအမြတ်ထုတ်ခြင်းနှင့်အတူ စတင်ခဲ့သည့်အရာသည် အိန္ဒိယနှင့် ထိုင်းနယ်စပ်ကို မျက်ခြည်မပြတ်စောင့်ကြည့်ခြင်းဖြင့် အနာဂတ်တွင် တရုတ်နိုင်ငံ၏ ပထဝီဝင်နိုင်ငံရေးနှင့် လုံခြုံရေး အကျိုးစီးပွားအတွက်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ပြိုင်ဆိုင်မှု ပြင်းထန်သော တရုတ်နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်အချို့အကြား တိုက်ပွဲများကို စောင့်ကြည့်ရင်း နယ်စပ်တစ်လျှောက် တည်ငြိမ်အောင်လုပ်ဆောင်ခြင်းသည် တရုတ်စီးပွားရေးအတွက် ကောင်းသောလက္ခဏာဖြစ်သည်။ နောက်ဆုံးတွင် တရုတ်သည် အိန္ဒိယသမုဒ္ဒရာသို့ ထိုးဖောက်နို င် ပေလိမ့်မည်။

တရုတ်နိုင်ငံသည် မကြာသေးမီက တောင်တရုတ်ပင်လယ် ကွမ်ရှီးပြည်နယ်ရှိ ပေဘူပင်လယ်ကွေ့ ဆိပ်ကမ်းသစ်နှင့် ရန်ကုန်ကို ဆက်သွယ်ထားသည့် သင်္ဘောလမ်းကြောင်းကို ခုတ်မောင်းနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်စပ်ရှိ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိအားများ ပိုပေးနေပြီး ဒေသတွင်းတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တည်ရှိမှုကိုလည်း လက်ခံမည်ဖြစ်သည်။

ရရှိခဲ့သော သင်ခန်းစာများကို မသိကျိုးကျွန်ပြုလိုက်သောကြောင့် ယခုအခါ သမိုင်းတစ်ကျော့ပြန်လည်လာပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ ရှုတ်ချမှုကို တန်ပြန်ရန် ရေတိုလိုအပ်ချက်ကို ဂရုစိုက်ရင်း မြန်မာနိုင်ငံသည် တရုတ်၏ ရေရှည်လှည့်ကွက်ထဲ သားကောင်အဖြစ် တဖြည်းဖြည်း ကျရောက်နေသည်။

သီရိလင်္ကာပြီးလျှင် ယခုအခါ မြန်မာသည် တရုတ်အတွက် မျက်စိကျစရာနိုင်ငံ ဖြစ်လာပေပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required